ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထပ်မြင့်အဆောက်အအုံမီးလောင်မှုကြောင့် ၄၃ ဦးထက်မနည်းသေဆုံး

မတ် ၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ အထပ်မြင့်အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄၃ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု မီဒီယာကဖော်ပြထားသည်။ အဆိုပါမီးလောင်မှုသည် ယမန်နေ့ည ၁၀ နာရီခန့်က အဆောက်အအုံ၏ပထမတွင်  စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။  လူအများစုသည် ခုနစ်ထပ်အဆောက်အအုံ၏ အပေါ်ထပ်သို့ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားခဲ့သော်လည်း ၎င်းတို့အထဲတွင် ကလေးများပါဝင်ပြီး ပိတ်မိနေခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။ မီးသတ်သမားများက နှစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရသည်ဟုသိရသည်။ ထိုမီးလောင်မှုကြောင့် လူပေါင်း ၄၃ ဦးထက်မနည်းသေဆုံးပြီး အခြားဒါဇင်နှင့်ချီသောလူများ ဒဏ်ရာရရှိခဲ့သည်။ ယင်းအဆောက်အအုံတွင် စားသောက်ဆိုင်အများအပြားရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားချိန်က ၎င်းစားသောက်ဆိုင်များ ဖွင့်ထားကြောင်းသိရသည်။ ဒေသတွင်းရဲတပ်ဖွဲ့နှင့် အရေးပေါ်ဆိုင်ရာဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို