၂၀၂၃ ခုနှစ်၊ အောက်တိုဘာ  ၂၁ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နံနက်ထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ (၂၂.၁၀.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၂၅.၁၀.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ထူးခြားသည့်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီတိုင်းထွာချက်များအရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “စန်ဘ” (Sanba) သည် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရသည်။

 

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄) ပေမှ (၆) ပေခန့် ရှိနိုင်သည်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

 

နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

Credit> မိုးဇလ