ဘန်ကောက် ၁၀ ဇန်နဝါရီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေးရက်ဆက်တိုက် လေထုညစ်ညမ်းမှုများ ဖြစ်ပွားလျက်ရှိသည့် အတွက် ပြည်သူများအနေဖြင့် မျက်နှာဖုံးများ ဝတ်ဆင်ထားရန် လိုအပ်ကြောင်းနှင့် မဖြစ်မနေ အခြေအနေမျိုးမှသာ နေအိမ်ပြင်ပသို့ထွက်ကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ဇန်နဝါရီ ၆ ရက်မှစတင်ပြီး ဘန်ကောက်မြို့၏ လေထုအရည်အသွေး ကျဆင်းလာခဲ့သည်။ လေထုညစ်ညမ်းမှု အဆင့် PM ၂ ဒသမ ၅ အထိ မြင့်တက်လာခဲ့သည်။ ဇန်နဝါရီ ၅ ရက်တွင် ဘန်ကောက်မြို့တော်၏ လေထုညစ်ညမ်းမှုသည် ဩစတြေးလျနိုင်ငံ ကင်ဘာရာနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်များပြီးနောက် ကမ္ဘာ့နိုင်ငံများအနက် တတိယအဆိုးရွားဆုံး ဖြစ်လာခဲ့သည်။
"ခါတိုင်းဆို ညနေခင်းအချိန်မှာ အပြေးလေ့ကျင့်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်ပွားနေတော့ ကျန်းမာရေးထိခိုက်မှာစိုးလို့ အပြေးလေ့ကျင့်တာကို ရပ်ထားပါ တယ်"ဟု ဘန်ကောက်မြို့ခံတစ်ဦးက ဆိုသည်။
"အခုလို လေထုညစ်ညမ်းမှုတွေ နေရာအနှံ့ဖြစ်နေတဲ့အချိန်မှာ အစိုးရအနေနဲ့ ပြည်သူတွေကို မျက်နှာဖုံးတွေ ဝေပေးသင့်ပါတယ်။ လေထုညစ်ညမ်းမှုတွေကြောင့် ကျွန်မ မျက်လုံးတွေ စပ်နေတာပဲ။ လည်ချောင်းတွေလည်း ခြောက်ကပ်လာပြီ"ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
ယခုအချိန်တွင် စက်ရုံ၊ အလုပ်ရုံများနှင့် မော်တော်ယာဉ်များကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိမှု ပမာဏကိုတင်းကျပ်စွာ ထိန်းချုပ်ရန် အစိုးရက ရဲတပ်ဖွဲ့ကို အမိန့်တစ်ရပ် ချမှတ်ထားသည်။ သို့သော် အဆိုပါလေထုညစ်ညမ်းမှုသည် ဇန်နဝါရီ ၁၁ ရက်ထိတိုင် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လေထုညစ်ညမ်းမှု၏ အကြောင်းရင်းတစ်ရပ်မှာ မော်တော်ယာဉ်များမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့်ဖြစ်သည်ဟု လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန တာဝန်ရှိသူ ပရာလောင် ဒန်ရောင်ထိုင်က ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ထိုင်းနိုင်ငံ၏ လေထုသန့်စင်မှု အရည်အသွေး ကျဆင်းလာခဲ့သည်။ ယင်းသို့ လေထုညစ်ညမ်းမှုများဖြစ်ပေါ်မှုကြောင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ နှောင့်နှေးစေသည့် အပြင် ခရီးသွားကဏ္ဍကိုပါ ထိခိုက်စေနိုင်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်


