၁၁ မတ်

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆောပေါ်လို ပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် သေဆုံးသူ ၄၄ ဦး ရှိလာကြောင်း ဒေသခံအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

အမှိုက်သရိုက်နှင့် မြေကြီးအောက်တွင် ပိမိနေသော မိသားစုတစ်စုကို ကယ်တင်ရန် ကြိုးစားနေသော ကယ်ဆယ်ရေးအလုပ်သမားတစ်ဦး၏ အလောင်းကို မီးသတ်သမားများက စက်ယန္တရားကို အသုံးပြုကာ တူးဖော်ရှာဖွေတွေ့ရှိခဲ့သည်။

 

မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် ကျော်ကြားသည့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းဖြစ်သော ဂူအူဂျာတွင် အခြား ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

 

မတ်လ ၃ ရက်နေ့က အချိန်အခါမဟုတ် သည်းထန်စွာရွာသွန်းခဲ့သော မိုးသက်မုန်တိုင်းသည် ဘရာဇီးနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ပြီး မြေပြိုမှုများ ဖြစ်ပွားကာ လူအများအပြား သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသောလူများ ပျောက်ဆုံးနေသည်။

 

ဂူအူဂျာ၊ ဆန်တိုနှင့်ဆာအို ဗန်တီမြို့များတွင် သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ဂူအူဂျာတွင် လူ ၃၃ ဦး သေဆုံးခဲ့သဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်။

 

ဆန်တိုတွင် လူ ရှစ်ဦး သေဆုံးခဲ့ပြီး ဆာအို ဗန်တီတွင် သုံးဦးသေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို