၃ ဒီဇင်ဘာ
ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆောပိုလို တောထဲသို့ ယမန်နေ့က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်။
ထိုလေယာဉ်သည် ဆောပိုလိုမြို့အနီး ဂျွန်ဒီအိုင် မြို့မှ ဆောပိုလိုမြို့ရှိ ကမ်ပိုဒီမာတီ လေဆိပ်သို့ ပျံသန်းရာလမ်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ထိုလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မာတီအာ ရောဘတ် ရွမ်း သေဆုံးသွားခဲ့သည်။ ခရီးသည် ခုနစ်ဦးတင်ဆောင်နိုင်သော ၎င်းလေယာဉ်တွင် ခရီးသည်တစ်ဦးတစ်ယောက်မျှ မပါရှိကြောင်း ဖော်ပြထားသည်။
ကယ်ဆယ်ရေးလုပ်သားများသည် ထိုလေယာဉ်၏ အသံဖမ်းစက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးရန်အတွက် လေကြောင်းတပ်ဖွဲ့ထံသို့ ပေးပို့သွားမည်ဖြစ်သည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် မီးသတ်ဌာနမှအဖွဲ့ရှစ်ဖွဲ့ ပါဝင်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


