ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခုနစ်ဦးသေဆုံး

နိုဝင်ဘာ ၂၀

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူခုနစ်ဦးထက်မနည်းသေဆုံးပြီး သုံးဦးထပ်မံပျောက်ဆုံး နေဆဲဖြစ်ကြောင်း  ယမန်နေ့က ဖော်ပြထားသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်တွင် လေးဦးထက်မနည်းသေဆုံးပြီး နှစ်ဦးပျောက်ဆုံး နေဆဲဖြစ်ကြောင်းနှင့် ဆန်တာကာတာရီနာပြည်နယ်တွင် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံး နေဆဲဖြစ်သည်ဟု သိရသည်။

ထိုဒေသတွင် မိုးများရွာသွန်းမှုကြောင့် လူပေါင်း ၃၁၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၁၆၀၀ ခန့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

ဆန်တာကာတာရီနာပြည်နယ်ရှိ ဒေသပေါင်း ၂၉၅ ခုအနက် ၆၂ ခုထက်မနည်းတွင် ရေဘေးသင့်ခဲ့ပြီး ၎င်းတို့အနက် ၁၇ ခုတွင် လမ်းများနှင့် မြို့များတွင်လည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သဖြင့် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။

ဘရာဇီးနိုင်ငံ၏လူဦးရေထူထပ်မှုအများဆုံးဖြစ်သော ဆောပိုလိုပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများလည်းတိုက်ခတ်ခဲ့သည်။ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၈၀ ကီလိုမီတာနှုန်းထက်ကျော်လွန်တိုက်ခတ်သဖြင့် ထိုဒေသရှိ သစ်ပင်များလဲကျခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို