အင်းတော် ၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာရထားသံတံတားပေါ်တွင် ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က မြို့ဟောင်း-မြစ်ကြီးနား အဆန်ကုန်ရထား တွဲချော်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘုံချောင်းဘူတာမှ ထွက်ခွာလာသော စက်ခေါင်းမောင်း ဦးခင်မောင်စိုးနှင့် ရထားထိန်း ဦးစိုးလင်းတို့ လိုက်ပါလာသည့် ရထားအမှတ် ၉၃၁ စက်ခေါင်းအမှတ်DF-1367 အဆန်ကုန်ရထားသည် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရထားမိုင်တိုင်အမှတ် (၅၇၄/၁၇) နှင့် (၅၇၄/၁၈)ကြား၌ တွဲအမှတ် GBHAH-40859 သည် တံတားအမှတ် (၄၀၈) မဲဇာသံဘောင် ဘေလီတံတားပေါ်တွင် မန္တလေးဘက်ခြမ်း (၁)ဘူကီမှာ ၂ ပေခန့်ကျခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် အမှတ် (၄၁) မန္တလေး-မြစ်ကြီးနား အဆန်ဒုတိယအမြန်ရထားမှာ ဘုံချောင်းဘူတာတွင် ခေတ္တရပ်နားခဲ့ရကြောင်း၊ ရထားလမ်းအား အချိန်မီပွင့်သွားနိုင်ရေးအတွက် နမ်းခမ်းတွဲပြင် အဖွဲ့ ၅ ဦး၊ ကောလင်းတွဲပြင်အဖွဲ့နှင့် ကောလင်းတွဲပြင် ကရိန်းရထား DD.954 ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ပြီး ည ၇ နာရီ ၅၅ မိနစ်တွင် ရထားများ ပုံမှန်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
နီတိုး


