ဆူးငှက်
ယခင်က မန္တလေး ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း) ရုံတော်ကြီးနန်ထင်ကဖေးရှေ့ရောက်လျှင် ''ဘုရားကြီးကို၊ ဘုရားကြီးကို''ဟု လူခေါ်နေသော မြင်းလှည်းတန်းကြီးတွေ့ရ၏။ ထိုနေရာမှဘုရားကြီးသို့ အလှည့်ကျထွက်သော မြင်းလှည်းဖြင့် သွားနိုင်သည်။အကယ်၍ ထိုနေရာမှအထွက် လူမပြည့်သေး၍ လမ်း၌ လူတင်ချင်သောအခါလည်း လမ်းတစ်လျှောက် မြင်းလှည်းဘီးနှင့် တံဖျာကြာပွတ်အဖျား တတောက်တောက်အသံပေးရင်း ''ဘုရားကြီးကို၊ ဘုရားကြီးကို'' ဟု အော်သွားသည်။ ထိုစဉ်က ဘုရားကြီးသို့ရောက်သော လိုင်းကားကလည်း အခုလို များများစားစားမရှိ။ ကားပြာအမှတ်(၁) လိုင်း တစ်လိုင်းပဲရောက်သည်။ အောင်တော်မူရေအိုးစင် မှတ်တိုင်(ယခု ၆၃ လမ်း)မှထွက်လာသော အမှတ် (၁) ဘတ်စ်ကားသည် ရုံးကြီး၊ ဗထူးကွင်း၊ ဆေးရုံ၊ ဘူတာ၊ ဓာတ်စက်ရုံ၊ ကြေးနန်းရုံ၊ နာရီစင်မှသည် ဗိုလ်ချုပ်လမ်း (၈၄ လမ်း)အတိုင်း တောင်သို့တည့်တည့်မောင်း၏။
ဗိုလ်ဗထူးလမ်း
ထို့နောက် ဗိုလ်ဗထူးလမ်းရောက်သောအခါ အရှေ့သို့ ချိုးပြီး ဘုရားကြီးမြောက်မုခ်မှာရပ်သည်။ လူကုန်သောအခါမှ အရှေ့ဘက်ရှမ်းစုဘူတာမှာ ဂိတ်ထိုးပြီး ခရီးစဉ် ဆုံးစေ၏။ ဈေးချိုမှထွက်သော မြင်းလှည်းများသည် လည်းကောင်း၊ အမှတ်(၁)ဘတ်စ်ကားများသည်လည်းကောင်း ဘုရားမြောက်မုခ်မှာသာ မှတ်တိုင်ထားရပ်ကြ သောကြောင့် ဘုရားဖူး အများဆုံး ဝင်ထွက်ရာစောင်းတန်းကား မြောက်မုခ်စောင်းတန်းသာဖြစ်၏။ အရှေ့မုခ်က ယခုလို အကွက်အကွင်းကျကာ မစည်ကားသေး။ လိပ် ကန်နှင့် အာနန္ဒာဘုရားဘက်သွားမည့်သူများသာ အရှေ့စောင်းတန်းကို ရောက်ကြသည်။ ထို့ပြင် ယခုပန်းခြံနေရာ ကလည်း နိဗ္ဗာန်ကုန်နှင့် တူရိယာပစ္စည်းရောင်းချသော ဆိုင်ခန်းနေအိမ်ကြီးများသာရှိနေ၍ အရှေ့မုခ်က တသီးတခြားဖြစ်နေသည်။
စောင်းတန်းသစ်ကြီး
အခုလိုအရှေ့ဘက် ရန်ကုန်၊ မန္တလေးလမ်းမကြီးဆီ တိုးလျှိုပေါက်သော လမ်းမကြီးလည်း မရှိသေး။ ထိုလမ်းမကြီး နေရာတွင် ရှမ်းစုဘူတာအဆောက်အအုံက ပိတ်ထား၏။ ဘူတာအရှေ့ဘက်မှာလည်း လမ်းကြားသာသာ။ ထို့ကြောင့် ဘုရားကြီးသို့ အဝင်အထွက်အများဆုံးကား မြောက်ဘက်မုခ်၊ မြောက်ဘက်စောင်းတန်းပဲဖြစ်ပါသည်။ မြောက်ဘက်မုခ်နှင့် တည့်တည့် ဗိုလ်ဗထူးလမ်း၏ မြောက်ဘက်မှာလည်း ဘုရားကြီးဈေးရှိ၏။ ဘုရားကြီးဈေးကား စည်ကားလှသော ဈေးကြီးဖြစ်သည်။ ဘုရားကြီး မြောက်စောင်းတန်းကြီးတွင် ယခင်က ရတနာပုံခေတ် နံရံဆေးရေး ပန်းချီများ ရှိခဲ့ဖူးသည်။ ထိုစောင်းတန်း ဟောင်းကြီးနေရာတွင် ယခုစောင်းတန်းသစ်ကြီးက အစားထိုး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစောင်းတန်းကြီးတွင် ပိုးထည်ချိတ်ထည်များ၊ ကလေးကစားစရာ မြန်မာမှု အရုပ်ဆိုင်များ၊ လက်မှုပစ္စည်းကြေးထည်၊ သစ်သားထည်ဆိုင်များ၊ ကျူလယာပစ္စည်းစုံဆိုင်များ ခင်းကျင်းရောင်းချကြ၏။ အဝင်ဝမှာတော့ ထုံးစံအတိုင်း ပန်းသည်၊ ရွှေဆိုင်းသည်များရှိသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ
၁၉၄၁ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ အင်္ဂလိပ်အုပ်စိုးသော မြန်မာနိုင်ငံတွင်လည်း စစ်ရိပ်သန်းလာသည်။ ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် မန္တလေးကို ဂျပန်လေယာဉ်များက ဗုံးလာကြဲသည်။ စစ်ကြီးက မန္တလေးသို့ ဒုတ်ဒုတ်ထိ ရောက်လာချေပြီ။ ထို့ကြောင့် မဟာမုနိဘုရားကြီး ဘဏ္ဍာတော်ထိန်းအဖွဲ့ကိုယ်စား ရွှေလက်ဝါးဦးကျော်ရန်က မတ်လ ၁၅ ရက်နေ့တွင် လေးပြင်လေးရပ်ရှိ သံဃာတော်များကို ပင့်ဖိတ်ပြီး မဟာမုနိဘဏ္ဍာ တော်များကို ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် လျှောက်ထားသည်။ ဆရာတော်များက လက်ခံ၍ ရဟန်းပျိုအဖွဲ့ ဦးဇောတိက အမှူးပြုသော သံဃာအပါး ၃၃၀ ကျော်က တာဝန်ယူစောင့်ရှောက်သည်။ စစ်ဘေးကြောင့် ရုပ်ရှင်တော်မြတ်ကြီး၏ ပရိဝုဏ် ၄၅ တာအတွင်း၌လည်း ခိုလှုံလာသူ ၃၀၀၀ ကျော်ရှိသည်။
မြောက်စောင်းတန်းမုခ်ဦး ကျွန်းပြာသာဒ် ကျွန်းစောင်းတန်း
၁၉၄၂ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် မဟာမုနိဘုရား မြောက်ဘက် မြင်းဝန်တိုက် အနောက်ဘက်ရပ်ကွက်ကို မီးတင်ရှို့ရာမှ ရပ်ကွက်သာမက မြောက်စောင်းတန်းမုခ်ဦး ကျွန်းပြာသာဒ် ကျွန်းစောင်းတန်း၊ ရွှေရေးဆောင်တိုက်နှင့် အနောက် စောင်းတန်း ကျွန်းပြာသာဒ် ကျွန်းစောင်းတန်းတို့ပါ လောင်ကျွမ်းသည်။ ထိုမျှမက အသောကာရာမတိုက် ငါးစို့တိုက် တမ္ပဝတီရပ်ကွက်များအထိ မီးကူးလောင်သည်။
မြောက်ဘက်မုခ်စောင်းတန်းကြီးက စစ်အတွင်း ဤသို့ မီးလောင်ကျွမ်းသွားသောကြောင့် ဂျပန်လက်ထက်မှာပင် ထိုနေရာ၌ အုတ်စောင်းတန်းကြီးဆောက်လုပ်ရန် ဘဏ္ဍာတော်ထိန်း လူကြီးများက တညီတညွတ်တည်း ဆုံးဖြတ် ကြသည်။ ထို့နောက် မြန်မာဗိသုကာဆရာဆိုင်ကိုပင် ထိုအလုပ်ကိုအပ်နှံကြ၏။ ဆရာဆိုင်ဟူသည်မှာ မိဖုရားခေါင်ကြီး စုဖုရားလတ်ကောင်းမှု မြတောင်ရွှေကျောင်းတော်ကြီးကို မြန်မာမှုများဖြင့် တည်ထားရာတွင် ပညာရှင်အနေနှင့် ပါဝင်ခဲ့သော ပန်းပုနှင့် မြန်မာမှုဗိသုကာ ဆရာခင်၏ သားဖြစ်ပြီး ဖခင်နှင့်အတူ ရန်ကုန် မန္တလေးအပါအဝင် မြန်မာပြည်အရပ်ရပ်ရှိ သာသနိကအဆောက်အအုံ မြန်မာမှုများကို ဦးဆောင်တည်ဆောက်သူသာမက ၁၉၂၄ ခုနှစ်က လန်ဒန်မြို့ ဝင်ဗလီပြပွဲတွင် မြန်မာပြခန်းကိုလည်း မြန်မာမှုအပြည့်ဖြင့် ကမ္ဘာကျော်အောင် တည်ဆောက်ခဲ့သူ ဖြစ်သည်။ (ယခုတိုင်ရှိနေသေးသော မဟာမုနိ အရှေ့စောင်းတန်းထိပ်က ကျွန်းပြာသာဒ်ကြီးမှာ ဆရာခင်၏ လက်ရာဖြစ်သည်)
ဆရာဆိုင်အား စောင်းတန်းကြီးဆောက်ရန်အပ်နှံ
ဆရာဆိုင်မှာ စစ်အတွင်းဖြစ်သောကြောင့် သမီး မယ်သီလရှင်ရှိသော စစ်ကိုင်းသစ်ဆိမ့်ချောင်၌ ဥပုသ်စောင့်ရင်း စစ်ခိုနေခိုက်ဖြစ်၏။ ဘုရားကြီးမြောက်ဘက်မုခ်စောင်းတန်းကြီး ပြန်လည်တည်ဆောက်ရန် ဖိတ်စာနှင့်စာကို စစ်ကိုင်း တောင်ပေါ်တွင်ရှိနေသော ဆရာဆိုင်ထံသို့ တပည့်ဖြစ်သူ ဆန်းယဉ်ယဉ် ဦးဘသိန်းက ယူလာပေးသောအခါ ဆရာဆိုင်က ''ယခုလိုရက်မျိုး အလုပ်မလုပ်လိုသေး၍ ဥပုသ်စောင့်နေတာ ဖြစ်တယ်။
ဒါပေမယ့် ဒီကိစ္စမျိုးဖိတ်တာကို မလိုက်ခဲ့ရင် ဘုရားကိုယ်တော်ကြီးမျက်နှာနဲ့ မန္တလေးမြို့ကြီးမျက်နှာ မထောက်ရာ ကျမယ်။ ဆရာ့ဂုဏ်ကိုလည်း ဆရာမထောက်ရာရောက်မယ်'' ဆိုပြီး မန္တလေးသို့ ပြန်လိုက်လာ၏။
ထိုအစည်းအဝေးက စောင်းတန်းကြီးဆောက်ရန်အပ်နှံ၍ ဆရာဆိုင်အား ပုံစံရေးပေးပါရန် မေတ္တာရပ်ခံသည်။ ဆရာဆိုင်ကလည်း အလုပ်လက်ခံပြီး စောင်းတန်းပုံစံကို စိတ်တိုင်းကျဖြစ်စေရန် သားအကြီးဖြစ်သူ ဦးတင်ဦးအား ဆွဲစေလေသည်။ သူကိုယ်တိုင် သဘောကျသောအခါမှ ဘဏ္ဍာတော်ထိန်းလူကြီးများ အစည်းအဝေး၌တင်ပြရာ အားလုံးကလည်း နှစ်ခြိုက်လက်ခံလိုက်ကြသည်။ သို့သော် ဆရာဆိုင်က ဂျပန်ခေတ်အတွင်း အခြေအနေ အရပ်ရပ်ကြောင့် စောင်းတန်းကြီးကို မဆောက်စေလိုသေး။ သို့သော် ဦးကျော်ရန်၊ ဦးကြွယ်၊ ဦးတော်စသော ဘဏ္ဍာတော်ထိန်းလူကြီးများက သူတို့လက်ထက်တွင် ပန္နက်ချခဲ့ရလျှင် ကျေနပ်ပါပြီဆိုသောကြောင့် ၁၃ဝ၆ ခု၊ ကဆုန်လပြည့်နေ့၌ ပန္နက်ရိုက်၊ အုတ်မြစ်ချပြီး ပြီးသလောက် တည်ဆောက်ခဲ့၏။ စောင်းတန်းကြီးတည် ဆောက်မှုကို ဆရာဆိုင်က သားဦးတင်ဦးအား စီမံအုပ်ချုပ်စေသည်။ ဦးတင်ဦးကား စောင်းတန်းမပြီးမီ ဂျပန်ခေတ်မှာပင် ကွယ်လွန်ခဲ့သည်။
ပန်းရန် ပန်းတော့ ပန်းတမော့ ပြခန်းကြီး
စစ်ကြီးပြီးသောအခါ စောင်းတန်းလုပ်ငန်းကို အင်တိုက်အားတိုက် ဆောက်လုပ်ခဲ့ကြသည်။ မူလရှိသော စောင်းတန်းဦး အသားပြာသာဒ်ကြီးက လမ်းနားအထိ ရောက်ခဲ့၏။ အသစ်ဆောက်လုပ်မည့် သုံးခန်းတွဲ အုတ်ပြာသာဒ်ကြီးကိုမူ လမ်းနှင့်ပေ ၆ဝ ခွာကာ ဆောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သစ်သားပြာသာဒ်ကြီးက မီးဘေးသင့်ခဲ့သော်လည်း ပြာသာဒ်ဘေးရှိရှေးလက်ရာ အုတ်ခြင်္သေ့ကြီးနှစ်ကောင်က မပျက်မစီး ကျန်ရစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ယခု ဆောက်လုပ်မည့် အုတ်ပြာသာဒ်အသစ်က မီးလောင်သွားသော အသားပြာသာဒ်ထက် နေရာကျယ်နေသဖြင့် ခြင်္သေ့ကြီးများကို မူလအတိုင်းထားကာ အုတ်ပြာသာဒ်ကို နောက်သို့ လွတ်လွတ်ကင်းကင်း တည်ဆောက်ခဲ့သောကြောင့် ဖြစ်သည်။ ထိုစဉ်က ဘဏ္ဍာထိန်းလူကြီးများကလည်း အုတ်ခြင်္သေ့ကြီးများကို မူလအတိုင်းထားမည်ဟု ဆုံးဖြတ်ခဲ့ကြ၏။ အသစ် ဆောက်သော အုတ်ပြာသာဒ်ကြီး၏ မြန်မာမှုများကို သာမက ဝင်ပေါက် တိုင်ဆင်းနရားရုပ်ကြီးများကိုလည်း ဆရာဆိုင်ကိုယ်တိုင် ပြုလုပ်ခဲ့သည်။
သို့သော် အုတ်ပြာသာဒ်ကြီးတည်ဆောက်၍ မပြီးမီမှာပင် မူလအုတ်ခြင်္သေ့ကြီးများအားဖြိုဖျက်၍ ခြင်္သေ့အသစ် ပြုလုပ်မည်ဟု ဘဏ္ဍာထိန်းလူကြီးများက ဆုံးဖြတ်ချက်အသစ် ချလိုက်ကြသည်။ ထို့ကြောင့် လက်ရှိ မြင်နေရသော မုံရွာဆရာမြ၏လက်ရာ ခြင်္သေ့အသစ်ကြီးများ ပေါ်ပေါက်လာတော့၏။
မဟာမုနိဘုရားကြီး မြောက်မုခ် အုတ်ပြာသာဒ်ကြီးက ပန်းရန် ပန်းတော့ ပန်းတမော့ ပြခန်းကြီးလည်း မည်ပါ၏။


