မန္တလေး အောက်တိုဘာ ၆

 

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဘယ်လာရုစ် တေးဂီတအဖွဲ့၏ ဒုတိယမြောက် ချစ်ကြည်ရေးတေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ကြည့်ရှုအားပေး

 

အဆိုပါ ဖျော်ဖြေပွဲသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ အဆင့်မြင့် အရာရှိကြီးများ၊ အရာရှိ၊ အရာခံ အကြပ်စစ်သည်များနှင့် မိသားစုများ၊ သင်တန်းသား ဗိုလ်လောင်းများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

အခမ်းအနားတွင် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy က မိတ်ဆက်စကားပြောကြားသည်။

 

ထို့နောက် ဘယ်လာရုစ် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladimir Sukolinsky ဦးဆောင်၍ အဆိုရှင်များဖြစ်ကြသည့် Ms. Nadezhda Bryleva နှင့် Ms. Anzhelika Zaitseva တို့က ရုရှားနှင့်ဘယ်လာရုစ်တို့၏ ရိုးရာမေတ္တာအကြောင်းဖွဲ့ဆိုထားသည့် တေးသီချင်း၊ ဘယ်လာရုစ်နှင့် မြန်မာ (၂၅)နှစ်ပြည့် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ရေးဖွဲ့ထားသည့် တေးသီချင်း၊ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အကြောင်း ရေးဖွဲ့ထားသည့် တေးသီချင်း၊ သမိုင်းဝင် ပုဂံမြို့အကြောင်း ရေးဖွဲ့ထားသည့် တေးသီချင်းများ၊ ဘယ်လာရုစ် ရိုးရာတေးသီချင်းများ၊ ကာလပေါ် တေးသီချင်းများ အပါအဝင် စုစုပေါင်း ၁၇ ပုဒ် သီဆိုဖျော်ဖြေခဲ့ကြသည်။

 

ဖျော်ဖြေပွဲ ပြီးဆုံးပြီးနောက် နယ်မြေခံ တပ်နယ်မှူးနှင့်ဇနီးတို့က ဘယ်လာရုစ် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း၊ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

 

အဆိုပါ ဘယ်လာရုစ်တေးဂီတအဖွဲ့သည် ယမန်နေ့ညနေပိုင်းက မန္တလးမြို့ မြို့တော်ခန့်မ၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ အနုပညာရှင်များနှင့် ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းတေးဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် မန္တလေးတောင်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

 

 

အဆိုပါ ဘယ်လာရုစ်တေးဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ရောက်ရှိစဉ် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်လည်း မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံ အဆို၊ အကများပူးပေါင်း၍ ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။

 

မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံတို့သည် အစိုးရချင်း ချစ်ခင်ရင်းနှီးမှု တည်ဆောက်ခြင်းအပြင် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရန်အတွက် ယခုကဲ့သို့ ယဉ်ကျေးမှုအနုပညာ ပူးပေါင်း၍ ဖျော်ဖြေတင်ဆက်ခြင်းအစီအစဉ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ-ရုရှား ချစ်ကြည်ရေး အသင်းတို့က ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်