နေပြည်တော် အောက်တိုဘာ ၈

 

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် ယနေ့တွင် ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကျင်းပနေမှုကို သွားရောက် ကြည့်ရှုလေ့လာကြသည်။

 

ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ပြိုင်ပွဲဝင်များ၏ ဒုံမင်းအတီးပြိုင်ပွဲ တီးခတ်ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသားပြတိုက်၌ “မဟာဂီတ တေးသီချင်း အဆိုပြိုင်ပွဲ သီဆိုယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး မြန်မာ့ရိုးရာ တူရိယာများ သရုပ်ပြတီးခတ်ပြသမှုကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။

 

ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် အကပြိုင်ပွဲနှင့် ဆိုင်းအတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ကြည်ညိုလေ့လာကြသည်။

 

အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြပြီး ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံ ဖျော်ဖြေပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်