ရန်ကုန် အောက်တိုဘာ ၁၂

 

မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr.Vladimir Sukolinsky ဦးဆောင်သော ဖျော်ဖြေရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင်းရှိ အထင်ကရ နေရာများကို သွားရောက်လေ့လာကြည့်ရှုကြသည်။

 

ဦးစွာ အမျိုးသားပြတိုက်၌ မင်းခမ်းတော်ပစ္စည်းပြခန်းများ အပါအဝင် ခင်းကျင်းပြသထားသည်များကို ကြည့်ရှုလေ့လာပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လေ့လာကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။

 

ယင်းနောက် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် မြတ်ကြီးကိုလည်းကောင်း၊ ခြောက်ထပ်ကြီးဘုရားကိုလည်းကောင်း သွားရောက်ကြည်ညို လေ့လာကြပြီး ဘုရားဖူးပြည်သူများနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

 

ကြည့်ရှုလေ့လာ

 

ထို့အတူ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) သို့ မော်တော်ယာဉ်များဖြင့် သွားရောက် ကြည့်ရှုလေ့လာကြသည်။

 

အဆိုပါအဖွဲ့သည် ယမန်နေ့ညပိုင်းက အမျိုးသားဇာတ်ရုံ၌ ဖျော်ဖြေတင်ဆက်မှုများ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်ကာလ အထိမ်းအမှတ် မီးရောင်စုံအလှ ထွန်းညှိထားမှုများကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

 

ပူးပေါင်းဖျော်ဖြေတင်ဆက်

 

ထို့အတူ အောက်တိုဘာ ၅ ရက် ညပိုင်းတွင် မန္တလေး မြို့တော်ခန်းမ၌လည်းကောင်း၊ အောက်တိုဘာ ၆ ရက် ညပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌လည်းကောင်း၊ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၌လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နေပြည်တော်တွင် မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံ ပူးပေါင်းဖျော်ဖြေတင်ဆက်မှု အစီအစဉ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။      

 

သတင်းစဉ်