၇ မေ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုရာတွင် ရင်းနှီးမြှုပ်နှံမှု၏ အခန်းကဏ္ဍက အရေးပါအရာရောက်သည်ချည်းသာဖြစ်၏။
ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အစရှိသည့် ရင်းနှီးမြှုပ်နှံမှုတို့က ယေဘုယျအားဖြင့် တိုင်းပြည်၏ စီးပွားရေး ကျယ်ပြန့်တိုးတက်လာရေးကို တွန်းအားပေးမောင်းနှင်သည့် အခြေခံကျသော အင်အားကြီးများ ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုတို့က နိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်း မြင့်မားများပြားလာရေးကို ဖြစ်စေသလို နိုင်ငံတွင်း ငွေကြေးလည်ပတ်မှုကို တည်ငြိမ်ချောမွေ့စေသည်လည်းဖြစ်၏။
ထို့ကြောင့်လည်း နိုင်ငံတွင်း၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို နည်းလမ်းမျိုးစုံဖြင့် အားပေးရခြင်းဖြစ်သည်။ ဥပဒေကို ချိန်ညှိပေးခြင်း၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူစေခြင်း၊ တင်းကျပ်သော ကြိုးနီစနစ်များကို ပယ်ဖျက်ခြင်း၊ အခွန်အတုပ်များကို လျှော့ပေါ့ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစေရေး ဖြေလျှော့ပေးမှုများစွာကို စီမံပေးခြင်း စသည်တို့ ဖြစ်၏။
သို့သော်... သို့သော်ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဆိုသည်မှာ နိုင်ငံလုံးဆိုင်ရာအရေး ပြည်သူလူထုအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ပတ်သက်နေ သည့်အားလျော်စွာ ရင်းနှီးမြှုပ်နှံမှုတို့သည် “ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးလဲ”၊ “ဘယ်နေရာ ဘယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမည်လဲ” ဆိုသည်တို့ကိုလည်း ဆန်းစစ်ရသည် ဖြစ်ပါ၏။
စက်မှုကုန်ထုတ်လုပ်ငန်းလား၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလား၊ သယံဇာတများကို ထုတ်ယူသုံးစွဲခြင်းလုပ်ငန်းမျိုးလား၊ ဝန်ဆောင်မှုလုပ်ငန်းလား၊ ကုန်သွယ်ရေးလုပ်ငန်းလား၊ ဆောက်လုပ်ရေးလုပ်ငန်းလား၊ လက်လီရောင်းဝယ်ရေးလား အစရှိသည်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့၏ သဘာဝကို ဆန်းစစ်ရ၏။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက မည်မျှသော အလုပ်အကိုင်အခွင့်အလမ်းတို့ ပေါ်ထွက်စေမည်နည်း၊ ထိုအလုပ်အကိုင် အခွင့်အလမ်းတို့သည် မိမိတို့၏ နိုင်ငံသားများအတွက် သက်သက်လော၊ မည်မျှလောက်သော ခေတ်မီနည်းပညာများကို လက်လွှဲဆက်ခံရရှိနိုင်မည်နည်း၊ မိမိတို့ နိုင်ငံသားများ၏ လူမှုဆက်ဆံရေးဘဝများကို မည်သို့ ထိခိုက်လွှမ်းမိုးလာ နိုင်သနည်း၊ မည်သို့သော ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများ ရှိလာနိုင်သနည်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုနှင့် သက်ရောက်မှုများက မည်သို့ရှိလာနိုင်သနည်းစသည့် ဆန်းစစ်လေ့လာမှုများကို မလွဲမသွေ ပြုလုပ်ကာ မည်သို့သော ရင်းနှီးမြှုပ်နှံမှုကို မည်သို့မည်ပုံ အားပေး လက်ခံကြမည်လဲ ဆိုသည်ကို ဆုံးဖြတ်ရခြင်းဖြစ်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းကြီးများ အခြေတည်လိုက်ကာမျှဖြင့်၊ ကြီးကျယ်ခမ်းနားလှသော အံ့မခန်းအဆောက်အအုံ မြင့်ကြီးများ ပေါ်ပေါက်လာကာမျှဖြင့် ပြည်သူတို့၏ဘဝများ ပိုမိုမြင့်မားတိုးတက်လာမည်ဟု ယတိပြတ်ပြောရန် မဖြစ်နိုင်။
ရင်းနှီးမြှုပ်နှံမှုများက မည်သူတို့အတွက် အဓိက အကျိုးဖြစ်ထွန်းစေ မည်လဲဟူသည်က မေးခွန်းကြီးဖြစ်ပါသည်။ ပြည်သူတို့ အတွက် မည်မျှလောက် အကျိုးဖြစ်ထွန်းစေပြီး မည်သို့သော အကျိုးယုတ်နိုင်ချေများ ရှိသည်လဲဆိုသည်က ချင့်ချိန်ရမည့် အရာများ ဖြစ်ပါသည်။
ရင်းအမြစ်အကျဆုံးက ရင်းနှီးမြှုပ်နှံမှုတစ်ခုချင်းစီသည် မည်မျှ လောက် တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်လဲဆိုသည့် အချက်ဖြစ်ပါ သည်။ တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင်၊ နိုင်ငံသားတို့၏ ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုတို့ကို မထိခိုက်အောင်၊ လူမှုအဖွဲ့အစည်း၏ လုံခြုံမှု ကျန်းမာရေးတို့ကို မည်သို့ဂရုတစိုက်ရှိသည်လဲ စသည်တို့က ပြည်ပဖြစ်စေ၊ ပြည်တွင်းဖြစ်စေတို့၏ ရင်းနှီးမြှုပ်နှံမှုတို့ကို အကဲဖြတ် ဆန်းစစ်ရာတွင် အရေးပါနေမည်သာ ဖြစ်သည်ဟု ထင်မြင်ပါကြောင်း တင်ပြလိုက်ရပါသည်။
မြန်မာ့အလင်း


