(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

မောင်ငြိမ်းအေး

 

“ပျောက်သောသူရှာလျှင်တွေ့၊ သေသောသူကြာလျှင်မေ့” ဟူသော ဆိုရိုးစကားရှိသော်ငြားလည်း ယနေ့ထက်တိုင် မေ့မရနိုင်သူများ လောကတွင်ရှိသည်။ လူမှုဘဝနယ်ပယ်၊ လူ့ဘောင်လောက အသိုက်အဝန်းတွင် မမေ့နိုင်သူများ ကိုယ်စီကိုယ်စီ ရှိကြသော်လည်း ပြည်ထောင်စုကြီးတစ်ခုလုံး၊ တစ်တိုင်းပြည်လုံး မေ့ပျောက်၍ မရနိုင်သောသူတို့ကိုမူ ပြည်သူများက အစဉ်ထာဝရ တမ်းတမ်းတတ သတိရနေကြသည်။ ၎င်းမှာ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး သူမတူအောင် စွမ်းဆောင်နိုင်သည့် အာဇာနည်ပုဂ္ဂိုလ်များပင် ဖြစ်သည်။ ။

 

ဘယ်သောအခါမှမမေ့နိုင်

 

ထိုသူ၊ ထိုပုဂ္ဂိုလ်များတွင် ပြည်ထောင်စုကြီးအား ကိုလိုနီနယ်ချဲ့တို့၏ လက်အောက် ကျွန်သပေါက်ဘဝမှ လုံးဝလွတ်မြောက်ရေးအတွက် အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်ခဲ့သည့် ပြည်ထောင်စုကြီး၏ ရှေ့ဆောင်လမ်းပြကြီး၊ မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာကြီး၊ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်ကြီး၊ မြန်မာ့နိုင်ငံရေး သုခမိန်ကြီး၊ မြန်မာ့တပ်မတော်၏ဖခင်ကြီး စသည်စသည်အားဖြင့် ထူးခြားသောဂုဏ်ပုဒ်များ၊ ထူးခြားသည့် ဝိသေသ လက္ခဏာများ ပိုင်ဆိုင်ထားသော တိုင်းပြည်နှင့်လူမျိုးအတွက် အစားထိုးမရနိုင်သည့် ခေါင်းဆောင်ကြီးအား ယနေ့ထက်တိုင်အောင် မမေ့နိုင်အောင်ပင် ရှိနေကြသည်။ နောင်သောအခါတွင်လည်း ဘယ်သောအခါမှ မေ့နိုင်ကြမည်မဟုတ်ပေ။

 

အမြဲထာဝရ မေ့မရနိုင်သော ပုဂ္ဂိုလ်ကြီးသည်ကား မကွေးခရိုင် နတ်မောက်မြို့လေးမှ ကျောင်းသား လူငယ် မောင်အောင်ဆန်း၊ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် သခင်အောင်ဆန်း၊ တပ်မတော် ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းအား မေ့မရ၊ သတိရကြသည်ဆိုရာ၌ တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အပတ်တကုတ် ကြိုးပမ်းအားထုတ်နေစဉ် ပန်းတိုင်ရောက်လုနီးမှ ရေတိမ် နစ်ခဲ့ရသည့်အဖြစ်ကို ပြည်သူအပေါင်းက ယခုထက်တိုင် နှမြောတသဝမ်းနည်းနေကြသည်။

 

ပြည်သူများက သတိရကြ

 

အထူးသဖြင့် ယခုအချိန်ကဲ့သို့ ဇူလိုင်လရောက်တိုင်း မိုးတဖွဲဖွဲ၊ မိုးသည်းသည်း ရာသီကာလတွင် ပိုမို လွမ်းဆွတ် သတိရလာကြသည်။ ယခုနှစ် ဝသန်ကာလတွင် မိုးသည် နေ့စဉ်ရက်ဆက် တသည်းသည်းရွာလေ၏။ သဲသဲ မဲမဲ ရွာလိုက်၊ တဖွဲဖွဲ ရွာလိုက်နှင့် ရန်ကုန်မြို့သည် စွတ်စို အံ့မှိုင်း၍နေသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် ခေါင်းဆောင်များသည် ရန်ကုန်မြို့ (ယခင်ဝန်ကြီးများရုံး) အတွင်းဝန်ရုံးတွင် မိုးတဖွဲဖွဲ ရွာသွန်းနေခိုက် တိုင်းပြည်အတွက် အရေးကြီးသော အစည်းအဝေး ပြုလုပ်နေစဉ် မသမာသူလူသတ်သမား တစ်စု၏ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည်။ ထိုသမိုင်းကို ပြည်သူအားလုံး၊ ပြည်သူ အဆက်ဆက် သိနေကြသည်။ ထို့ကြောင့် မိုးတဖွဲဖွဲရွာသွန်းသည့် ဤအချိန်ကာလသို့ ရောက်လေတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ပြည်သူများက သတိရကြ၊ အမှတ်ရကြ၊ အောက်မေ့ ကြသည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတစ်မျိုးသားလုံး သာမက တိုင်းတစ်ပါးသားတို့ကပါ ကြည်ညိုလေးစား ခြင်းခံရသူဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ မဝေးလှသော ကာလ၌ ဗိုလ်ချုပ်ကို သံယောဇဉ်ကြီးမားကြသည့် ရဟန်းရှင်လူ ပြည်သူအချို့တို့က သတိဝီရိယ အမြဲထားရှိပြီး နေထိုင်သွားစေရန် အသိပေးနှိုးဆော်ကြသည်ဟု မှတ်သားဖူးသည်။ ယင်းတို့တွင် အထက်အောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတစ်ခု၌ ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်၏ ဆရာတော်ကြီးက “ဗိုလ်ချုပ် သူများခြောက်တိုင်းလည်း မကြောက်နဲ့၊ မကြောက်ဘဲလည်း မရှိနဲ့ မိမိ၌ တကယ့်အန္တရာယ်များ ကြုံတွေ့ရတတ်သည်” ဟု မိန့်ကြားခဲ့သည်။

 

အသက်စွန့်ပြီးလုပ်ရန်အသင့်

 

နိုင်ငံရေးအစည်းအဝေးတစ်ခု၌ ခင်မင်ရင်းနှီး၍ သံယောဇဉ်ကြီးမားလှသော ပုဂ္ဂိုလ်ကြီး တစ်ဦးကလည်း “တိုင်းပြည်ကြီးကလည်း လှုပ်လှုပ်ရှားရှားနဲ့ လိုအပ်တဲ့ အကာအကွယ်တွေများ ပြုလုပ်ထားရဲ့လား ဗိုလ်ချုပ်” ဟု သတိပေးဖူးသည်။ ဗိုလ်ချုပ်ကို လူတစ်စုက လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြောင်းကို ရဲတပ်ဖွဲ့မှ ခိုင်လုံစွာ ကြိုတင် သိထားကြ၍ ဗိုလ်ချုပ်၏လုံခြုံမှုအတွက် ထိပ်တန်းရဲအရာရှိ ကြီးအချို့တို့က သတင်းပို့၍ ပြောဆိုခဲ့ကြသည်။ ဗိုလ်ချုပ်၏ သားတပည့်ရင်းများ ဖြစ်ကြသော ပြည်သူ့ရဲဘော်တပ်ဖွဲ့ကလည်း ဗိုလ်ချုပ်၏ အသက်ခန္ဓာ လုံခြုံရေးအတွက် အစီအစဉ်များကို ပြုလုပ်ကြရုံသာမက ဗိုလ်ချုပ်ကိုယ်တိုင်လည်း ထိုသတင်းများကို ကြားသိပြီးဖြစ်သော်လည်း လုံခြုံရေး အကာအကွယ်များကို လက်မခံခဲ့ပေ။

 

စိတ်ပင်ပန်းနွမ်းနယ်

 

ဗိုလ်ချုပ်သည် ၎င်းကို လုပ်ကြံလိမ့်မည်ဟု မယုံကြည်။ လေးလေးနက်နက် သဘောထားရှိဟန်လည်း မတူပါ။ ဗိုလ်ချုပ်၏ လုံခြုံရေးအတွက် စီစဉ်မှုများကိုပင် အလေးအနက်မထား လက်မခံခဲ့ပေ။ ထိုကဲ့သို့ ပြုမူနေခြင်းမှာ “ငါတို့သည် တိုင်းပြည်အတွက် တကယ့်ဖြူစင်သန့်ရှင်းသည့် စေတနာနှင့် သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေကြသူများဖြစ်၍ ရန်သူမရှိနိုင်။ ငါတို့ကို ပြည်သူလူထုတစ်ရပ်လုံးက ကြည်ညိုလေးစားကြသည်” ဟူသော ဗိုလ်ချုပ်၏ယုံကြည်ချက် ပြင်းထန်နေသည်။ ဗိုလ်ချုပ်အောင်ဆန်း အသက်အန္တရာယ်အတွက် သတိပေးကြသော မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်များအား ဗိုလ်ချုပ်က “ကျုပ် တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်စွန့်စရာရှိတဲ့အခါ ကျုပ်စွန့်ခဲ့တယ်။ ရှေ့ကိုလည်း စွန့်စရာပေါ်သေးရင် ကျုပ်စွန့်ပြီး လုပ်ရန်အသင့်ပါပဲ” ဟူ၍ သူ၏ခံယူချက်နှင့် သူ၏စိတ်ထားကို မကွယ်မဝှက်ဘဲ ရဲရဲရင့်ရင့်ထုတ်ဖော်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၎င်းချစ်ခင်အလေးထားသော ပြည်သူလူထုကြီးကို အကြွင်းမဲ့ယုံကြည် အားထားနေသူဖြစ်သည်။ ထိုသို့ယုံကြည်သောကြောင့်လည်း မည်သည့် ရန်စွယ်၊ အန္တရာယ်ကိုမျှ ကြောက်ရွံ့ခြင်းမရှိပေ။ မှန်ပါ ပေသည်။ ထိုအချိန်က မြန်မာပြည်သူလူထုတစ်ရပ်လုံးသည် ဗိုလ်ချုပ်အောင်ဆန်း၏နောက်တွင် တစ်ခဲနက်ထောက်ခံ ရပ်တည်နေကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လူငယ် လူရွယ်ဘဝ ဆယ်စုနှစ်ကာလအတွင်းမှာပင်  မြန်မာပြည် လွတ်လပ်ရေး၊ တိုင်းပြည်နှင့် လူထုကောင်းစားရေးအတွက် မနေမနား သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အသက်အရွယ်ငယ်သော်လည်း စိတ်ပန်းကိုယ်ပန်း ပင်ပန်းနွမ်းနယ် နေပြီဟု ဆိုရမည်ဖြစ်သည်။

 

နောက်ဆုံးအချိန် နောက်ဆုံးဘဝ

 

ဗမာ့နိုင်ငံရေး သုခမိန်စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ခံစားချက်နှင့် နောက်ဆုံးဘဝအခြေအနေကို တရေးရေး မြင်တွေ့ရသည်။ တစ်နေ့ ဆရာဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်)၊ ဦးခင်ဇော်နှင့် ဦးထင်ဖတ် (မောင်ထင်)တို့ ခြောက်ဦး ရန်ကုန်မြို့ အတွင်းဝန်ရုံး လွှတ်တော်သစ်၏ ဝရန်တာတွင် ဆုံမိကြသည်။ စာအကြောင်းပေအကြောင်း ပြောကြားကြသည်။ ထိုစဉ် ဗိုလ်ချုပ်က “တော်ပြီဗျာ၊ ကျုပ်တော့ နိုင်ငံရေးကအနားယူပြီး စာလေးဘာလေး ထိုင်ပြီးရေးဦးမယ်။ ဒီမယ်ဗျာ့၊ ဆရာရဲ့ ကျွန်တော်လဲ အနုပညာသမားပါဗျာ” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ဒီးဒုတ်ဦးဘချိုကို အားပါးတရ ပြောပြခဲ့သည်။

 

ထိုသို့ပြောဆိုအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လွှတ်တော်၏ဝရန်တာမှ အဝေးတစ်နေရာသို့ တစ်စုံတစ်ရာကို မြင်တွေ့လေဟန် ငေးမောမြော်တွေးနေလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ဘဝ၊ သူ့ဆန္ဒကို ထပ်ခါတလဲလဲပြောကြားခဲ့ပြီး သူ့ဘဝ၏ နောက်ဆုံးအချိန်ကို တွေးတောနေလေဟန် တူပေသည်။

 

ရွှေတောင်ကြီးပြိုလဲ

 

ထိုအချိန်ကာလတွင် နယ်ချဲ့ ဗြိတိသျှစစ်တပ်မှ ဘရင်းဂန်းအလက် ၂၀၀ ပျောက်ဆုံးကြောင်း သတင်းပေါ်ထွက်လာခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ညတွင် ဒီးဒုတ်ဦးဘချိုနှင့် ဦးထင်ဖတ်တို့ ဆုံမိကြရာ ဘရင်းဂန်း အလက် ၂၀၀ ကိစ္စကို ဆွေးနွေးကြသည်။ ဦးထင်ဖတ်က စိတ်ပူ၍ သောကနှင့်ပြော၏။ ဒီးဒုတ် ဦးဘချိုက “အေး . ..ငမိုး (ငမိုးကား ဗိုလ်ချုပ်ကို ချစ်စနိုးဖြင့် ခေါ်ခြင်းဖြစ်သည်) ကလဲ ခက်တယ်၊ အစောင့်အရှောက် အကြောင်းပြောရင်း ငါ့ကိုတောင် ငေါက်သကွဲ့” ဟု ပြန်ပြောပြလေသည်။ ထိုအဖြစ်အပျက်များကား တကယ်လက်တွေ့ မှန်လာခဲ့သည်။ နယ်ချဲ့လက်ပါးစေ မသမာသူတို့၏လက်ချက် ဘရင်းဂန်းလက်နက်ဖြင့်ပင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရရှာပါသည်။ ။

 

ကံကြမ္မာသည် အများခန့်မှန်းသည့်အတိုင်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ ရွှေတောင်ကြီးပြိုလဲသွားခဲ့ပြီ။ ထိုကြီးမားသော ဆုံးရှုံးမှုကြီးသည် မသမာသူ နယ်ချဲ့သမားတို့အဖို့ ကြီးမားသော အမြတ်ထွက်မှုကြီးတစ်ခု ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံ ပြည်ထောင်စုကြီး တစ်ခုလုံးအတွက်မူ တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများအား မသမာသူ လူတစ်စုက လုပ်ကြံတော့မည့် အကြောင်းချင်းရာများကို ခိုင်လုံစွာက ြိုတင်သိရှိထားကြ၍ ကြိုတင် သတိပေးကြပါသော်လည်း ထိုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို သို့လော၊ သို့လော တွေးတောဖွယ်ရာ အမျိုးမျိုးဖြင့် ဝမ်းနည်းပူဆွေးကြရပေသည်။

 

ကျရာတာဝန်ထမ်းဆောင်

 

အန္တရာယ်ကို သိပါလျက်နှင့် စလေဆရာကြီး ဦးပုည ရေးသားထားသကဲ့သို့ “သိလျက်ကယ်နှင့် ဝိပါက်ကြမ္မာငင် ထင့်” ဟူ၍ ပြောကြရပါမည်လော၊ ဘဝဝဋ်ကြွေးအန္တရာယ် ဘေးဟု ပြောရမည်လော စသည့်စသည့် ပုထုဇဉ်လူသားများ သိနိုင်စွမ်းမရှိသည့် ကံကြမ္မာကိုသာ အမျိုးမျိုး တွေးတောနေမိကြပါသည်။ ။

 

မြန်မာမှုနယ်ပယ်တွင် “သေသောသူ ကြာလျှင်မေ့” ဟူသော ဆိုစကားရှိသည်။ ထိုသူများတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပုဂ္ဂိုလ်မျိုး မပါဝင်ပေ။ “သေသောသူကို ရှင်သူက တပါလိမ့်” ဟူသော ဆိုရိုးစကားကဲ့သို့ ခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက် မြန်မာပြည်သူအပေါင်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတသတိရနေကြဆဲ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသာ ယနေ့ထက်တိုင် အသက်ရှင်နေမည်ဆိုလျှင် ကျွန်ုပ်တို့နိုင်ငံကြီးသည် ...၊ ဗိုလ်ချုပ်လမ်းစဉ်ကိုသာ လိုက်နာကြပါမည်ဆိုလျှင် ကျွန်ုပ်တို့ နိုင်ငံကြီးသည် ... စသည်စသည် မဖြစ်လာသည်တို့ကို တမ်းတနေမည့်အစား ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ့တာဝန်ကို အကျေပွန်ဆုံးဖြစ်အောင်၊ သူမတူအောင် ထမ်းဆောင်ခဲ့သလို ကျန်ရစ်ခဲ့သည့် ပြည်သူလူထုအပေါင်းတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်မျိုးကဲ့သို့ မွေးမြူကြပြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်များ အောင်မြင်ထမြောက်အောင် မိမိတို့၏ ကျရာတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြဖို့ လိုပါသည်။

 

လွတ်လပ်ရေးတွင်ခရီးမဆုံး

 

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးပြီး ၅ လနှင့် ၁၆ ရက်အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည်ကား သူ့ဘဝ၊ သူ့အသက်ဖြင့် ရင်းနှီးခဲ့ရသော လွတ်လပ်ရေးကို သူမမြင် သွားခဲ့ရှာပေ။ သူ့ကျေးဇူးကား ဆပ်၍မကုန်အောင်ကြီးမား လှပါပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပင်ငယ်သော်လည်း သူ၏တော်လှန်ရေးအသိနှင့် လက်တွေ့ဘဝ ကြိုးပမ်းအားထုတ် ဆည်းပူးမှုတို့ကြောင့် အမြော်အမြင် ကြီးမားသော လမ်းညွှန်ချက်များကို မြန်မာပြည်သူများအား ချပြပေးထားခဲ့သည်။ ဗိုလ်ချုပ်၏ ခရီးပန်းတိုင်သည် လွတ်လပ်ရေးတွင် မဆုံးပါ။ ထို့ကြောင့် ဗိုလ်ချုပ်က လွတ်လပ်ရေးဟာ အကျိုးတရားမဟုတ်ကြောင်း၊ အကြောင်းတရားသာဖြစ်ကြောင်း သတိပေးခဲ့သည်ဟု ဆရာ ဦးမင်းနိုင် က ပြောပြသည်။ ။

 

“လွတ်လပ်သော နိုင်ငံ၊ လွတ်လပ်သော လူမျိုးအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်ရေးအတွက် သူ့အသက် သွေးကို ပေးဆပ်ခဲ့သည်။ သူ့ယုံကြည်ချက်၊ သူ့ မျှော်မှန်းချက်ပန်းတိုင်အတွက် အသက်နှင့် လဲခဲ့သည်။ ပြည်သူတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သောအခါမှ မမေ့။ အောင်ဆန်းသည် ပြည်သူတို့၏ အသည်းထဲက အောင်ဆန်းဖြစ်ပေသည် ” ဟု မန်းညွန့်မောင်က ရေးသားခဲ့သည်။ မည်သို့ပင် ဆိုကြစေကာမူ ပြည်သူတို့၏ အသည်းနှလုံး ဗိုလ်ချုပ်အောင်ဆန်းသည်ကား ပြည်သူတို့၏ နှလုံးသားတွင် ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပါ တကား။ ။

 

ကိုးကား

- မောင်ထင်၏ ဗမာ့နိုင်ငံရေးသုခမိန်။

- ခင်မောင်ဖြူ (ယဉ်ကျေးမှု) ၏ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ။

- ရန်အောင်မျိုးညွန့်၏ သိလျက်ကယ်နှင့် ဝိပါက်ကြမ္မာငင်ထင့်။