ဗီယက်နမ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံမေးမြန်း

နေပြည်တော် ၁၄ စက်တင်ဘာ

 

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ စက်တင်ဘာလ (၁၁) ရက်မှ (၁၃) ရက်အထိ ကျင်းပခဲ့သည့်  (၂၇) ကြိမ်မြောက် အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက် ရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ်လိုက်ပါသွားသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ခရီးစဉ်နှင့် စပ်လျဉ်း၍ မေးမြန်းဖြေကြားခဲ့ သည်များကို ပြန်လည်တင်ပြလိုက်ပါသည်။ 

 

 

မေး။ အခုခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ် ခင်ဗျာ။ 

 

 

ဖြေ။ ဒီခရီးစဉ်ကတော့ အဓိကအားဖြင့် အာဆီယံဒေသအတွက် ကျင်းပတဲ့ စီးပွားရေး ဖိုရပ်မှာ ပါဝင်တက်ရောက် ဆွေးနွေးတာပါ။  အာဆီယံ နိုင်ငံတွေအတွက် အဓိကထား ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အခုရေပန်းစားနေတဲ့ စတုတ္ထစက်မှု တော်လှန် ရေး အသွင်ကူးပြောင်းဆဲ ကာလမှာ အာဆီယံ နိုင်ငံတွေအနေနဲ့ အနာဂတ် ကာလမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်။ 

 

 

ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေသိအောင် စတုတ္ထ စက်မှု တော်လှန်ရေးဆိုတာ ဘာလဲလို့ ပြောရမယ်ဆိုရင် ပထမဦးဆုံး (၁၈) ရာစုခေတ်လောက်မှာ ရေနွေးငွေ့ စွမ်းအင်ကို စတင်တည်ထောင်ခဲ့တဲ့ ကာလဟာ ပထမ စက်မှု တော်လှန်ရေးဖြစ်တယ်။ (၁၉)ရာစုလောက်မှာကျတော့ လျှပ်စစ်စွမ်းအင်ကို တွေ့တယ်။ စွမ်းအင်နဲ့ ပတ်သက်ပြီး စက်ရုံတွေက ထုတ်လုပ်လာနိုင်ခဲ့တယ်။ ဒါကတော့ ဒုတိယ စက်မှုတော်လှန်ရေး ကာလဖြစ်တယ်။ တတိယစက်မှု တော်လှန်ရေးကတော့ ကွန်ပျုတာတွေ၊  အင်တာနက်တွေ ပေါ်လာတယ်။ အခု ကျွန်တော်တို့ ရင်ဆိုင်နေရတာကတော့  စက်ရုပ်တွေ ပေါ်လာတယ်။ အဲဒါတွေ ပေါ်လာတဲ့ အခါကြတော့ ထုတ်လုပ်ရေးပိုင်းမှာ အလုပ်သမားတွေ လိုအပ်မှု လျော့နည်းလာတယ်။ စက်ရုပ်တွေ သုံးလာတဲ့အခါကြတော့ အသွင်ကူးပြောင်းမှု တစ်ခုဖြစ်လာတယ်။ ထုတ်လုပ်ရေးပိုင်းတွေမှာ သုံးလာတဲ့အခါကြတော့ စီးပွားရေးမှာ ပြောင်းလဲမှုတွေရင်ဆိုင်နေရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြတယ်။ 

 

 

ဒီအစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ပါဝင်ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တတိယ စက်မှုတော်လှန်ရေး ကာလကို အပြည့်အ၀ အသုံးမချနိုင်ခဲ့လို့ ဖွံ့ဖြိုးမှု နောက်ကျခဲ့ပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းက ဘာရှိသလဲဆိုတော့ အခုနောက်ပိုင်းမှာ ခုန်ပျံကျော်လွှားတဲ့ နည်းနဲ့ နောက်ကျတဲ့ လူတွေအတွက် နောက်ဆုံးပေါ် စက်မှုနည်းပညာတွေကို တန်းပြီးသုံးလို့ရတယ်။ 

 

 

ကျွန်တော်တို့ နိုင်ငံမှာ လွန်ခဲ့တဲ့ (၅)နှစ်ကျော်တုန်းက တယ်လီဖုန်း အသုံးပြုမှုမှာ အလွန့်အလွန် နည်းခဲ့တဲ့အနေအထားကနေ အခု တစ်နိုင်ငံလုံး သုံးလာနိုင်တဲ့အနေအထားကို ကျယ်ပြန့်လာတယ်။ ကျွန်တော်တို့အနေနဲ့ လိုင်းဖုန်းကနေပြီးတော့ (4G) လို့ ခေါ်တဲ့ စနစ်ကိုတန်းပြီးတော့ သုံးနိုင်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။ နောက်ပြီးတော့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာပြောသလဲဆိုတော့ လူငယ်တွေမှာ လေ့လာနိုင်တဲ့ စွမ်းရည်စွမ်းအားတွေ ရှိတယ်။ စတုတ္ထစက်မှု ကူးပြောင်းရေး ကာလမှာ ကျွန်တော်တို့ အနေနဲ့ လူသားနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုကို အလေးထားရမှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ တီထွင်မှု စွမ်းရည်၊ ဦးဆောင်မှုကို ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြုစုပျိုးထောင် ပေးရမယ်။ စတုတ္ထ စက်မှု အသွင်ကူးပြောင်းရေး ကာလမှာ ပြောင်းလဲမှုတွေ လုပ်တဲ့အခါ စီးပွားရေး အကျိုးအမြတ် တစ်ခုတည်း ရရှိရေးကိုသာ အာရုံမစိုက်ဘဲ ကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်အောင်ကြိုးစားကြဖို့ အလေးထား ပြောကြားခဲ့ပါတယ်။ 

 

 

အာဆီယံ နိုင်ငံတွေ အနေနဲ့လည်း တီထွင်ဆန်းသစ်မှုမှာ ရှေ့တန်းက ရောက်နေတဲ့ နိုင်ငံတွေ ဖြစ်တယ်။ ဖွံ့ဖြိုးမှုကွာခြားသော်လည်း အာဆီယံ နိုင်ငံတွေ ပူးပေါင်းပြီး စက်မှု အသွင်ကူးပြောင်းရေး ကာလကို အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်အောင် နည်းလမ်းတွေ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ 

 

 

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ ပါဝင်ဆွေးနွေးတာကတော့ မဲခေါင်ဒေသ နိုင်ငံများ အကြားမှာ ပေါင်းစည်းရေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလဲ ဧရာဝတီ- ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ Master Plan တစ်ခု ချမှတ်ခဲ့ပါတယ်။ မဲခေါင်ဒေသ (၅) နိုင်ငံဟာ လူစွမ်းအားတွေလည်းရှိတယ်။ သဘာ၀ အရင်းအမြစ်တွေလည်း ပေါများတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း မြန်တယ်။ တည်နေရာ အနေအထားကလည်း တရုတ်ပြည်နဲ့ အိန္ဒိယတို့လို ဈေးကွက်တွေ ကြားမှာရှိလို့ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် တိုးတက်ဖို့ အလားအလာများစွာ ရှိတယ်ဆိုတဲ့ ရှေ့အလားအလာ ဆွေးနွေးကြတာဖြစ်ပါတယ်။ 

 

 

အဲဒီ (၅) နိုင်ငံဟာ ပြိုင်ဘက်တွေ မဟုတ်ဘူး။ ကုန်ထုတ်လုပ်မှုတွေ တူသော်လည်း အပြန်အလှန်အကျိုးပြုနိုင်တယ်။ လာအိုဆိုရင် စွမ်းအင်တွေကို အိမ်နီးချင်း နိုင်ငံတွေကို ရောင်းချသလို မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံကို သဘာဝ ဓာတ်ငွေ့တွေ ရောင်းချတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လိုအပ်ချက်တွေဖြည့်ဆည်းပြီး အကျိုးပြုနိုင်တယ်။ ဒါကြောင့် ပေါင်းစည်း ဆောင်ရွက်ဖို့အတွက် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်။ မဲခေါင်ဒေသ နိုင်ငံတွေ ဆက်သွယ်မှု တိုးမြင့်ဖို့ကိစ္စ၊ ပြည်သူအချင်းချင်း ထိတွေ့ရေးကိစ္စ၊ ကုန်သွယ်ရေး မူဝါဒတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်။

 

 

အကျိုးရလဒ် အနေနဲ့ကတော့ ယဉ်ကျေးမှုချင်း၊ တန်ဖိုးထားမှုချင်းတို့ပါ တူညီတဲ့ နိုင်ငံတွေဖြစ်လို့၊ ပေါင်းစည်းဆောင်ရွက်ရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ နောက်တစ်ခု ပါဝင်ဆွေးနွေးခဲ့ တာကတော့ ကမ္ဘာ့စီးပွားရေး ဖိုရမ်ဥက္ကဋ္ဌနဲ့ အပြန်အလှန် တွေ့ဆုံမေးမြန်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြင့် ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို နိုင်ငံတော်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခွင့် ရရှိခဲ့ပါတယ်။

 

 

မေး။ အခြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး ခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း ပြောပြပေး စေလိုပါတယ်။ 

 

 

ဖြေ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ အခမ်းအနား (၃) ခုမှာ ပါဝင်တက် ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ ဂျပန်မှာ မကြာမီလုပ်မယ့် မဲခေါင် ထိပ်သီး အစည်းအဝေး ကျင်းပမယ့် ကိစ္စနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စမှာ ဂျပန်နဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးနိုင်ခဲ့လို့ အကျိုးရှိတဲ့ တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ 

 

 

ဗီယက်နမ် သမ္မတကြီးနဲ့လည်း သွားရောက်တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း မိတ်ဖက် အဆင့်ကို  မြှင့်တင်ခဲ့တဲ့ အနေအထား ရှိပါတယ်။ ကမ္ဘာ့လှည့် ခရီးသွား မြှင့်တင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်ကလည်း နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ပေးမယ်လို့ ကျွန်တော့် အနေနဲ့ ထင်မြင်သုံးသပ်မိပါတယ်။

 

 

မေး။ အခုခရီးစဉ်မှာ အခြား အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့တာတွေ ရှိရင်လည်း သိချင်ပါတယ်။ 

 

 

ဖြေ။ ဒီခရီးစဉ်မှာ နောက်ထပ်ရရှိတဲ့ အကျိုးကျေးဇူးတစ်ရပ်ကတော့  မြန်မာ ကိုယ်စားလှယ် အဖွဲ့မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ အနေနဲ့လည်း ဒီအစည်း အဝေးကို တက်ရောက်လာတဲ့ ဒေသအတွင်းကရော၊ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပြောကြားခွင့်ရခဲ့ပါတယ်။ နောက်ပြီး  ဒီအစည်းအဝေးကို မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် (၃၇) ဦးလောက် တက်ရောက်ခဲ့ပါတယ်။ သူတို့နဲ့လည်း သီးခြားတွေ့ဆုံပြီးတော့  နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနဲ့ သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို  ဆွေးနွေးနိုင်ခဲ့ပါတယ်။ 

 

 

ပြည်ပက စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရှင်းပြနိုင်ခဲ့တဲ့အပြင် ပြည်တွင်းမှာ  လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။  ဒီကမ္ဘာ့စီးပွားရေးဖိုရမ်ဆိုတာကတော့  အာဆီယံခေါင်းဆောင်တွေဘက်က သီးခြားလည်း အလုပ်ရုံဆွေးနွေးပွဲတွေ၊  တွေ့ဆုံဆွေးနွေးမှုတွေ အများကြီးရှိပါတယ်။  စီးပွားရေး လုပ်ငန်းရှင်တွေ အချင်းချင်း ချိတ်ဆက်တွေ့ဆုံနိုင်ပြီးတော့  စီးပွားရေး အခွင့်အ လမ်းတွေ ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်းတွေ ရရှိတဲ့ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အကျိုးရှိမယ့် အစည်းအဝေးပဲ ဖြစ်ပါတယ်။

 

 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။