ဗီယက်နမ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ကြောင့်  သုံးဦးပျောက်ဆုံး

နိုဝင်ဘာ ၁၅

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသတွင် ယခုသီတင်းပတ်အစောပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သုံးဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

Quang Tri ပြည်နယ်၊ Huong Hoa ခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် စုံတွဲတစ်တွဲရေစီးနှင့်မျောပါသွားသည်ဟု ယူဆရသဖြင့် ဒေသတွင်းရေကြီးရေလျှံမှုနှင့်မုန်တိုင်းကာကွယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တို့မှ လူ ၄၀ နီးပါးဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေရန် အဖွဲ့ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။

Vinh Linh ခရိုင်ရှိ အမျိုးသားတစ်ဦးသည် La Nga ဆည်မြောင်းတွင် ငါးဖမ်းနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး ၎င်း၏ကိုယ်ပိုင်ပစ္စည်းများကို ထိုနေရာတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

Quang Tri ပြည်နယ်နှင့် Da Nang မြို့ရှိ နေအိမ်အလုံးပေါင်း ၁၃၀၀ ကျော် ရေလွှမ်းမိုးခြင်းခံရသည်။ မိုးရွာသွန်းမှုကြောင့် တောင်ထူထပ်သောဒေသများတွင် မြေပြိုခြင်း၊ မြေနိမ့်ဒေသများနှင့် လမ်းများတွင် ရေကြီးရေလျှံခြင်းတို့ဖြစ်ပွားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ယခုနှစ်ပထမဆယ်လအတွင်း ၁၃၆ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး အခြား ၁၃၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဗဟိုစာရင်းအင်းရုံးက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို