လန်ဒန် ၁၀ ဇန်နဝါရီ

 

ဘရက်ဆစ်အပြီးကာလတွင် ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်မှု၏ အတိုင်းအတာမှာ ဘရက်ဆစ် မစတင်မီကာလက သတ်မှတ်ထားသည့် အတိုင်းအတာမျိုးရှိမည်မဟုတ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်က ပြောကြားသည်။

 

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည့် ဇန်နဝါရီ ၃၁ ရက်သည် ခက်ခဲသောနေ့တစ်နေ့ ဖြစ်လာလိမ့်မည်ဟု ၎င်းက လန်ဒန် စီးပွားရေးပညာကျောင်းတွင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။ ဥရောပသမဂ္ဂအနေဖြင့် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မှန်ကန်သော ရည်ရွယ်ချက်များနှင့် ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရန်အတွက် ပြန်လည် ညှိနှိုင်းမှုပြုလုပ် ရန်အသင့်ရှိနေသည်။

 

သို့သော် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ပူးပေါင်းဆောင်ရွက်မှု၏အတိုင်းအတာမှာ ဘရက်ဆစ် မစတင်မီကာလက သတ်မှတ်ထားသည့် အတိုင်းအတာ မျိုးရှိမည်မဟုတ်သကဲ့သို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုများလည်း တည်ရှိလာတော့မည်မဟုတ်ကြောင်း ဗွန်ဒါလီယန်က ပြောကြားသည်။

 

ကုန်သည်များအား လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ဆောင်ရွက် ခွင့်မပေးပါက ကုန်ပစ္စည်း လည်ပတ်မှုနှင့် လုပ်ငန်းများကို ထိခိုက်နိုင်ပြီး ဗြိတိန်အနေဖြင့်လည်း ဈေးကွက်ထဲတွင် လုပ်ကိုင်ဆောင်ရွက်နိုင်မှု အားနည်းသွားမည်ဖြစ်ကြောင်း၊ ဥရောပ သမဂ္ဂအနေဖြင့် ၎င်း၏ ဂုဏ်သိက္ခာ၊ ဈေးကွက်နှင့် အကောက်ခွန်ဆိုင်ရာ ယူနီယံကို ထိန်းသိမ်းစောင့်ရှောက် သွားရန်အတွက် အဖြေရှာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဘရက်ဆစ်ဆိုင်ရာ ကူးပြောင်းရေး ကာလကို ၂၀၂၀ အလွန်တွင် ထပ်မံ သက်တမ်းတိုးမည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း ထိုသို့မတိုးမြှင့်ပါက သဘောတူညီချက် တစ်စုံတစ်ရာရရှိလိမ့် မည်မဟုတ်ကြောင်း ဗွန်ဒါလီယန်က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ