လန်ဒန် စက်တင်ဘာ ၅

 

Pfizer ဆေးဝါးကုမ္ပဏီနှင့် BioNTech ဆေးဝါး ကုမ္ပဏီတို့က အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပူးပေါင်းထုတ်လုပ်သည့် အဆင့်မြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုးကို ဗြိတိန်နိုင်ငံ၏ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွင် အသုံးပြုရန် ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့တွင်အတည်ပြုခဲ့ကြောင်း သိရသည်။

 

အသက် ၁၂ နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်တွင် အဆိုပါ ကာကွယ်ဆေးကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက ကြေညာခဲ့သည်။

 

ယင်းကာကွယ်ဆေးသည် BA.1 အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်နှင့် ကိုဗစ်-၁၉ ရောဂါတို့အား ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိကြောင်း သိရသည်။

 

ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လအတွင်း သုံးစွဲခွင့် အတည်ပြုပေးခဲ့သည်။ ယခု ကာကွယ်ဆေးသည် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်အတွက် ဒုတိယမြောက် သုံးစွဲခွင့် အတည်ပြုပေးခဲ့သည့် ကာကွယ်ဆေးဖြစ်လာသည်။

 

ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းသည် BA.4 နှင့် BA.5 အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်များကို ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာကဆိုသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်