ရန်ကုန် ၂၆ မတ်

 

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ၏ နဝမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပသည်။

 

1

 

ညှိနှိုင်းအစည်းအဝေးသို့ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

22

 

အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “အောင်ဆန်း” အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းသည် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဖြတ်သန်းခဲ့ရသည့် လွတ်လပ်ရေးကြိုးပမ်းမှု ဘဝခရီးကဲ့သို့ ထပ်တူစွာ အချိုးအကွေ့ပေါင်းများစွာကို ကြုံဆုံခဲ့ကြရပြီး ကော်မတီ၊ ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ အနုပညာရှင်၊ အတတ်ပညာရှင်များ စုပေါင်းပြီး အခက်အခဲများကို အတူတကွ ဖြတ်သန်းနိုင်ခဲ့ကြသည့်အတွက် ယနေ့အခြေအနေကို ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း။

 

ယခုအခါ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများသည် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ ပံ့ပိုးမှုများ၊ သမ္ဘာရင့် ဝါရင့် အနုပညာရှင်အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ အတိုင်းအတာတစ်ခုအထိ သက်ဝင်လှုပ်ရှား ပုံပေါ်လာခဲ့ပြီ ဖြစ်ကြောင်း။

 

ရည်မှန်းချက်ပန်းတိုင်ကို ရှေးရှုသည့် ခရီးတစ်ခု၏နိဒါန်းသည် ပထမခြေလှမ်းကို လှမ်းနိုင်ရန်ပင်ဖြစ်ကြောင်း၊ မိမိတို့နှင့်အတူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိရုပ်ရှင်ကို ရည်ရွယ်ချက် ကြီးကြီးမားမားနှင့် စိတ်နှစ်ဆောင်ရွက်ခဲ့ကြသည့် ကော်မတီ၊ ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီကြသူများ အားလုံးသည် ယခုဆိုလျှင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်အတွက် ပထမထက်မကသည့် ခြေလှမ်းများကို အတိုင်းအတာ တစ်ခုအထိ အရှိန်မြှင့်လျှောက်လှမ်းနိုင်ခဲ့ကြပြီဟု ခံယူမိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးထွန်းအုံက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) ဦးလူမင်းက ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြပြီး ဆပ်ကော်မတီအသီးသီးနှင့် အစည်းအဝေးတက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးကြသည်။

 

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

(သတင်းစဉ်)