ခိုင်မြဲသူယျ

“လွတ်လပ်ရေးရပြီးရင် ငါတော့နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်၊ နိုင်ငံရေးတွေ၊ ရာဇဝင်တွေအပြင် အိမ်ထောင်ရေးနဲ့ သားသမီးစောင့်ရှောက်ပြုပြင်ရေးတွေနဲ့ပတ်သက်လို့ ငါ့အယူအဆသဘောထားတွေကိုပါ စာအုပ်ရေးမှာပဲ။”

ထိုစကားကို မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုး သားခေါင်းဆောင်ကြီး၊ မြန်မာ့တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း) ကို ၁၉၄၇ ခုနှစ် ဧပြီလအတွင်း မေမြို့တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ ၃၀ရက်နေ့တွင် ကိုယ့်မင်း ကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင်လည်း-
“လွတ်လပ်ရေးရတဲ့အချိန်အထိတော့ ကျုပ်နိုင်ငံရေးလုပ်ရဦးမှာပဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာရေးမယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တစ်ကြိမ်ပြောဆိုဖူးသေးသည်။ ထိုမျှသာမက-“ကျွန်တော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာကိုပါ သင်ယူခဲ့တယ်။ မြန်မာစာမှာ ကျွန်တော် အမှတ်ကောင်းကောင်းရတယ်။ ကျွန်တော်ကြိုးစားလျှင် ဒစ်စတင်းရှင်းတောင်ရမှာပဲ။ ကျွန်တော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရပ်ဖီ(အတ္ထုပ္ပတ္တိ)တွေလည်းလိုတယ်။ ဘာကြောင့် မရေးကြသလဲ မသိဘူး။ ဗမာ့အက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်၊ ဒါတွေကို စုံစမ်းရမယ်၊ အာရှတိုက်သားတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်။ကျွန်တော်လည်း အနုပညာသမားပါဗျာ။”

အထက်ပါစကားများကိုတော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ ငါးရက်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဦးခင်ဇော်၊ ဦးသိန်းဟန်(ဆရာဇော်ဂျီ)၊ ဦးထင်ဖတ်(မောင်ထင်)၊ ဦးဝန်(ဆရာ မင်းသုဝဏ်)နှင့် ဒီးဒုတ်ဦးဘချိုတို့အား ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အအုံ ဝရန်တာ၌ ပြောဆိုခဲ့ ခြင်းဖြစ်သည်။ နိုင်ငံရေးသမားတစ်ယောက်ဟု အားလုံးလိုလိုက လက်ခံထားကြသော၊ ကိုယ်တိုင်လည်း နိုင်ငံရေး သမားတစ်ယောက်အဖြစ် ခံယူထားသော ဗိုလ်ချုပ်အောင်ဆန်း၏ စကားထဲတွင် စာပေကို လေးစားချစ်ခင် မြတ်နိုးစိတ်၊ စာပေနှင့်တိုင်းပြည်အကျိုးကို သယ်ပိုးလို စိတ်၊ စာပေကို ဝါသနာပါသောစိတ်များကို တွေ့ရသည့် အပြင် စာရေးဆရာတစ်ယောက်ဖြစ်ရန် စိတ်ကူးပုံဖော်ထားသော အိပ်မက်တစ်ခုကိုလည်း လှစ်ဟပြသနေ၏။

စုစုပေါင်း ၁၈ ပုဒ်

တိုင်းပြည်လွတ်လပ်ရေးအတွက် မနေမနား ကြိုးပမ်းဆောင်ရွက်နေသော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော်လည်း သူ၏စကားများထဲက ဖော်ပြနေသော စာပေချစ်စိတ်ဖြင့် သူမကွယ်လွန်ခင် အချိန်ကတည်းကပင် စာပေများကို မအားလပ်သည့်ကြားက ရေးသားခဲ့သည်။ လေ့လာတွေ့ရှိမိသလောက်မှာ မြန်မာဘာသာဖြင့် ကိုးပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့် သုံးပုဒ် စုစုပေါင်း ဆောင်းပါး ၁၂ ပုဒ်ဖြစ်သည်။ ဥယျောဇဉ်က သုံးစောင်၊ သဝဏ်လွှာ တစ်စောင်နှင့် မိတ်ဆက်စာတစ်စောင် စုစုပေါင်း ငါးစောင် ရှိသည်။ ဆောင်းပါးနှင့်မိတ်ဆက်စာများကို ပေါင်းလိုက်သောအခါ စာပေလက်ရာ စုစုပေါင်း ၁၇ ပုဒ် တွေ့ရသည်။ ၎င်းတို့မှာ-Burma and Buddhism၊ Freedom of Dress in Schools အမည်ရှိ ဆောင်းပါးနှစ်ပုဒ်၊ မင်းကြီးဦးမင်းရောင် အမည်ရှိ ဆောင်းပါးနှစ်ပုဒ်၊ လောကဝိဟာ၊ ကျောင်းသားဝတ္တရား၊ နိုင်ငံရေးအမျိုးမျိုး၊ ကမ္ဘာစစ်နှင့်ဗမာ၊ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ၊ ဗိုလ်ချုပ်ဆောင်ဆန်း ကိုယ်ရေးအတ္ထုပ္ပတ္တိ၊ ဥယျောဇဉ် (သေနင်္ဂဗျူဟာစစ်သမိုင်း)၊ ဥယျောဇဉ်(တိုင်း၆စာစောင်)၊ ဥယျောဇဉ် (မြန်မာ့သူရဲကောင်း ဗိုလ်မှူးကြီးဗထူး)၊ မိတ်ဆက်စာ(ဇဝနဂျာနယ်)၊ သဝဏ်လွှာ(ဒီးဒုတ်ဂျာနယ်)၊ ဗိုလ်ချုပ်နှင့်စာပေ စသည်တို့ဖြစ်၏။ နောက်ဆက်တွဲ အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော Life Sketch of the Author ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်း ကို မွေးသည်မှ ၁၉၄၆ ခုနှစ် အောက်တိုဘာလအထိ သူ့ဘဝ ဖြစ်စဉ်အကျဉ်းချုပ်ဖြစ်လေရာ ထိုဆောင်းပါးကိုပါ ထည့်သွင်းပါက စုစုပေါင်း ၁၈ ပုဒ်ဟု ဆိုရမည်။ စာပေ အမျိုးအစားများမှာ အတ္ထုပ္ပတ္တိစာပေ၊ နိုင်ငံရေးနှင့်သမိုင်း ဆိုင်ရာစာပေ၊ ဘာသာရေးနှင့် လူမှုရေးစာပေ၊ စစ်စာပေနှင့် စာပေသဘောတရားဆိုင်ရာ စာပေဟူ၍ စာမျိုးစုံတွေ့ရ၏။ ဘာသာပြန်စာပေပြိုင်ပွဲတွင် ပဲခူးကဝေအမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ရေးသားခဲ့ပြီး ကျန်ဆောင်းပါးများကို အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း စသောကလောင်အမည်များဖြင့် ရေးသားခဲ့သည်။

ပဲခူးကဝေအမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလုပ်ငန်းအစကို ရေနံချောင်းကျောင်းသားဘဝတွင် ပထမဆုံးတွေ့ရ၏။ ရေနံချောင်းအမျိုးသားကျောင်းတွင် တက်နေစဉ်က ကျောင်းစာစောင်တစ်ခုထုတ်ဝေရာ ကိုအောင်ဆန်းက ထိုစာစောင်၏ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့၏။ ထို့နောက် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း ဖြစ်လာသောအခါ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဦးစီးထုတ်ဝေသော အိုးဝေမဂ္ဂဇင်းအယ်ဒီတာ အဖြစ်လည်းကောင်း၊ ထိုစဉ်က မြန်မာများပိုင်၍ မြန်မာများ အုပ်ချုပ်သည့် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော New Burma သတင်းစာတွင် အယ်ဒီတာအဖြစ်လည်းကောင်း စာပေလုပ်ငန်းနှင့် ကိုအောင်ဆန်း ရင်းနှီးခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ပထမဆုံးစာပေလက်ရာမှာမူ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောကမဂ္ဂဇင်းက ပြုလုပ်သည့် ဘာသာပြန်စာပေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဘာသာပြန်ရသည့်အကြောင်းအရာမှာ နိုင်ငံရေးသိပ္ပံပညာ ရှင် ပါမောက္ခ ဟရိုး ဂျေ လတ်စကီး(Harold J Laski)ရေးသည့် Authority in Modern State စာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကို မြန်မာပြန်ဆိုရခြင်းဖြစ်သည်။ ထိုဘာသာပြန်ဆောင်းပါးပြိုင်ပွဲကို တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းက ပဲခူးကဝေအမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။ ပြိုင်ပွဲတွင် အခြားတစ်ယောက်နှင့် အမှတ်တူနေ၍ ဆုငွေ ၁၀ကျပ်ကို ငါးကျပ်စီခွဲဝေယူကြရသည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ပထမဆုံးပင်ကိုရေးဆောင်းပါးမှာမူ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ထလောက မဂ္ဂဇင်းတွင် ရေးသား ခဲ့သော Burma and Buddhism ဆောင်းပါးဖြစ်သည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအခြေအနေနှင့် မြန်မာလူငယ်များ၏ အခန်းကဏ္ဍ၊ ရှေးဓလေ့ထုံးစံ အယူဝါဒများနှင့်ပတ်သက်၍ လူငယ်များ၏ သဘောထားများနှင့် စပ်လျဉ်း၍ သူ့အမြင်ကို တင်ပြသုံးသပ်ထားသည့် ဆောင်းပါးဖြစ်သည်။

Freedom of Dress in Schools ဆောင်းပါး

ဇူလိုင်လထုတ် ဂန္ထလောကမဂ္ဂဇင်းပါ Freedom of Dress in Schools ဆောင်းပါးမှာမူ ကျောင်းသားများ ကျောင်း၌ တူညီဝတ်စုံ ဝတ်သင့်ကြောင်း ဆွေးနွေးတင်ပြထား၏။ ရေနံချောင်းအမျိုးသားကျောင်းတွင် သူနေခဲ့စဉ်က ဆရာရော ကျောင်းသားများပါ ရှားတောလုံချည်နှင့် ပင်နီအင်္ကျီကို ဝတ်ခဲ့ကြကြောင်း၊ တူညီဝတ်စုံများဝတ်၍ အမျိုးသားနေ့ချီတက်ပွဲများသို့လည်းကောင်း၊ ဘောလုံးပွဲ များသို့လည်းကောင်း သူငယ်ချင်းများနှင့် တပျော်တပါး သွားခဲ့ကြသည်ကိုလည်း မှတ်မိနေကြောင်း၊ ထိုသို့ တူညီဝတ်စုံဝတ်သွားရ၍ လွတ်လပ်မှုမရှိဟု မခံစားရဘဲ စည်းလုံးမှုနှင့် ချစ်ခင်ရင်းနှီးမှုစိတ်ဓာတ်သာ တိုးပွားစေခဲ့ကြောင်း ရေးသားထား၏။ သူ့ကျွန်ဘဝရောက်နေသည့် မြန်မာနိုင်ငံအဖို့ အရေးအကြီးဆုံး လိုအပ်ချက်မှာ ကျောင်းသားအရွယ် လူငယ်များအတွင်း စည်းလုံးညီညွတ်ရေးနှင့်စည်းကမ်းကို ရိုသေလိုက်နာတတ်သည့်စိတ်များ သွင်းပေးရန်ဖြစ် သည်။ တူညီဝတ်စုံဝတ်ဆင်ခြင်းဖြင့် ထိုရည်ရွယ်ချက်ကို အထောက်အကူပြုမည်။ ပြည်တွင်းဖြစ်ဝတ်စုံကို ဝတ်ဆင်ခြင်းဖြင့်လည်း ပြည်တွင်းစက်မှုလက်မှုလုပ်ငန်း ကိုလည်း အားပေးရာရောက်သလို ဆင်းရဲသားမိဘများ အတွက်လည်း စရိတ်စက သက်သာစေမည်။ လွတ်လပ်စွာ ဝတ်စားဆင်ယင်မှုက ဂုဏ်တုဂုဏ်ပြိုင်စိတ်နှင့် စိတ်ဝမ်းကွဲပြားမှုကို အားပေးရာရောက်ကြောင်း၊ ထိုအကြောင်းပြချက်များကို ထောက်ပြ၍ ကျောင်းများ၌ တူညီဝတ်စုံဝတ်ခြင်းကို အားပေးသင့်ကြောင်း ရေးသား ဖော်ပြထားလေသည်။ ၁၉၃၅ ခုနှစ် ဇွန်လနှင့် ဩဂုတ်လ ထုတ် သူရိယမဂ္ဂဇင်းတွင် နယ်ချဲ့အင်္ဂလိပ်တပ်များကို ရဲဝံ့စွာတိုက်ခိုက်ခဲ့သော အဘိုးဖြစ်သူဦးမင်းရောင် အကြောင်း ရေးသားထားသည့် ဆောင်းပါးနှစ်ပုဒ်ကိုမူ အညာသားလေး ကလောင်အမည်ဖြင့် ဗိုလ်ချုပ် အောင်ဆန်းက ရေးသားခဲ့သည်။

လောကဝိဟာ အမည်ရ ဆောင်းပါး

၁၉၃၇ ခုနှစ် စက်တင်ဘာလထုတ် မျိုးညွန့်မဂ္ဂဇင်း တွင် ရေးသားထားသော လောကဝိဟာ အမည်ရ ဆောင်းပါး၌ သတ္တလောက၊ သင်္ခါရလောက၊ သြကာ သလောက အကြောင်းများနှင့် လူများစတင်ပေါ်လာပြီး လူရိုင်းခေတ်မှ လူယဉ်ကျေးခေတ်သို့ ရောက်လာပုံ၊ အစိုးရပေါ်လာပုံ၊ မင်းကျင့်တရားဆယ်ပါးနှင့် သင်္ဂဟတရားလေးပါးပေါ်လာပုံကို ဖော်ပြသည်။ ထို့နောက် မော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံ၊ မီးသင်္ဘောနှင့် လျှပ်စစ်ခေတ်သို့ အဆင့်ဆင့်တိုးတက်ပြောင်းလဲပုံများ။ အရင်းရှင်နယ်ချဲ့စနစ်ကြောင့် ပထမကမ္ဘာစစ်ကြီးဖြစ်ကာ ဆုံးရှုံးနစ်နာပုံ၊ ကမ္ဘာ့ပြဿနာများအတွက် ဘာသာတရား တို့၏ အဆုံးအမများလည်း အသီးသီးရှိပုံ၊ မည်သို့ ဆိုစေ လောကဝိဟာတည်းဟူသော သတ္တလောက၊ သင်္ခါရ လောကနှင့် သြကာသလောကတို့မှ လေ့လာရရှိသော ပညာသည်သာ ပညာစစ်ဖြစ်၍ လောကတည်းဟူသော တက္ကသိုလ်ကြီးအကြောင်း လေ့လာရန်မှာ လောက ဝတ္တရားဖြစ်ကြောင်း ရေးသားထားသည်။ ပညာစစ်၏ သဘောနှင့်ပတ်သက်၍ သူ၏ခံယူချက်ကို တင်ပြထား သည့်ဆောင်းပါးလည်းဖြစ်သည်။

ကျောင်းသားဝတ္တရားဆောင်းပါး

ကျောင်းသားဝတ္တရားဆောင်းပါးကိုမူ ၁၉၃၇ ခုနှစ် နိုဝင်ဘာ ၂၇ရက်ထုတ် မန္တလေးသူရိယ(အမျိုးသားနေ့ အထူးစာစောင်)တွင် တွေ့ရ၏။ထိုဆောင်းပါး၌ လူတိုင်း တွင် လူမှန်းသိစ အချိန်မှစ၍ သေသည်အထိ တာဝန် ဝတ္တရားကိုယ်စီရှိကြောင်း၊ ထို့အတူ ကျောင်းသားတွင် လည်း ကျောင်းသားဝတ္တရားရှိကြောင်း၊ သို့သော် အတန်း စာ ကျက်မှတ်၍ စာမေးပွဲအောင်ရုံမျှနှင့် ကျောင်းသားဝတ္တရား ကျေပွန်သည်မဟုတ် လောကရေး၊ ဓမ္မရေးနှင့် ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာမျိုးရအောင် ဆည်းပူးကြရမည်။ ယနေ့ကျောင်းသား လူငယ်များသည် နက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏။ အနာဂတ် မြန်မာနိုင်ငံကိုဖန်တီးမည့် ကျောင်းသားများ သည် မိမိတို့တာဝန်ဝတ္တရားများကို စည်းစည်းလုံးလုံးနှင့် ညီညီညွတ်ညွတ် လုပ်ကိုင်ရေးမှာ မျိုးချစ်စိတ်ရှိသော ကျောင်းသားတိုင်း၏ တာဝန်ဝတ္တရားဖြစ်သည်ဟု နိဂုံးချုပ်ရေးသားထားသည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ တွင် ကျောင်းသားများ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ထားသည့် ဆောင်းပါးဖြစ်သည်။

သခင်အောင်ဆန်း ကလောင်အမည်ဖြင့်ရေးသားခဲ့သည့် ဆောင်းပါးမှာ ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလထုတ် ဒဂုန် မဂ္ဂဇင်းတွင် ရေးသားခဲ့သော နိုင်ငံရေးအမျိုးမျိုး ဆောင်းပါးဖြစ်သည်။ ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသော ဥပမာဖြင့် နိုင်ငံရေး၏ ခက်ခဲနက်နဲသော၊ ကျယ်ဝန်းသော၊ သိမ်မွေ့သော အဓိပ္ပာယ်များဆောင်ပုံ၊ ဗမာပြည်၏ နိုင်ငံရေးရာဇဝင်ကို ပြန်ပြောင်းကြည့်ပါက အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ၊ ဗမာပြည်သည် ဗမာများ အဖို့၊ ဟုမ္မရူး၊ အင်ဒီပင်းဒင့်၊ ဘုံဝါဒ၊ ဝံသာနု၊ ဆင်းရဲသား စသည်ဖြင့် မီးခိုးမဆုံး မိုးမဆုံးပင်ဟု မြန်မာ့နိုင်ငံရေး သဘောကို ရေးသား၏။ ထို့နောက် လူငယ်လူရွယ်နှင့် လူကြီးပိုင်းတို့၏ နိုင်ငံရေးသဘောထားအမျိုးမျိုးကို သုံးသပ်ဖော်ပြလျက် နိုင်ငံရေးတွင်လည်း အကြောင်းအကျိုး နှစ်ပါးကို အမှီပြု၍ တွေးမှ ကြံမှ လုပ်မှ ကိုင်မှ ပြောမှ ဆိုမှ ဖြစ်ပေမည်၊ အောင်မြင်ပေမည်ဟု သူ့အယူအဆကို တင်ပြ ထားသည်။ ထပ်မံ၍ နိုင်ငံရေးစတင်ပေါ်ပေါက်လာပုံ၊ အစိုးရစတင်ပေါ်ပေါက်လာပုံ၊ ရာဇဝင်ဆိုသည့် စကား အဓိပ္ပာယ်တို့ကိုလည်း ရေးသား၏။ ထိုဆောင်းပါးတွင် “မိမိကိုယ်ကိုယ် နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ် သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေးဖြစ်၏။”ဆိုသော ဗိုလ်ချုပ် အောင်ဆန်း၏ ခံယူချက်မှာ မှတ်သားစရာပင်ဖြစ်၏။

ဗိုလ်ချုပ်နှင့်စာပေအမည်ရှိ ဆောင်းပါး

သခင်အောင်ဆန်းအမည်ဖြင့် နောက်ထပ်ရေးသားသော စာပေလက်ရာတစ်ပုဒ်မှာ ကမ္ဘာစစ်နှင့်ဗမာ ဖြစ်သည်။ ဓနရှင်နယ်ချဲ့စနစ်ကြောင့် စစ်ဖြစ်ရပုံကို တင်ပြပြီး ဗမာ့လွတ်လပ်ရေးအတွက် အဓိကလက်နက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူတန်းစားအားလုံး စည်းလုံး ညီညွတ်ရေးပင်ဖြစ်သည်ဟုလည်းကောင်း၊ နယ်ချဲ့ အန္တရာယ်နှင့်ပရိယာယ်ကို သတိပြုရန်နှင့် လွတ်လပ်ရေး အတွက် အောင်စိတ်မွေးကြရန်ဟုလည်းကောင်း နှိုးဆော် ရေးသားထားလေသည်။ ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဗိုလ်ချုပ်နှင့်စာပေအမည်ရှိ ဆောင်းပါး မှာမူ မူလက ပုံနှိပ်ဖော်ပြခြင်းရှိ၊ မရှိ မသိရသလို မူလ ရေးစဉ်က ဆောင်းပါးအမည်ကိုလည်း မသိရပေ။ ထိုဆောင်းပါးတွင် စာပေသဘော တရားနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ခံယူချက်ကို ဖော်ပြထားသည်။ စာပေသဘောတရားနှင့်ပတ်သက်၍ မိမိရေးလိုက်သည့် စာသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘောမပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်း သဘောပါစေရမည်၊ ရှိရင်းစွဲအရာတစ်ခု ကို ပျက်မသွားစေဘဲ၊ ညံ့မသွားစေဘဲ ပို၍ကောင်းမွန်လာစေ ရမည်၊ ခေတ်အလိုက် လူ့လောကတိုးတက်ရေးကို အားပေးသည့်စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်အားလုံး တစ်နေ့ထက်တစ်နေ့ တိုးတက်ကြီးပွားစေမည့် စာပေမျိုး ဖြစ်ရမည်ဟု တင်ပြထားသည်။ ထို့နောက် မြန်မာစာပေသည် ကမ္ဘာ့အဆင့်အတန်းမီသည့် စာပေမျိုးဖြစ်ရမည့်အကြောင်း၊ နိုင်ငံအကျိုးပြုစာပေများ ရေးသားကြရင်း လွတ်လပ်ပြီး ခေတ်မီတိုးတက်သည့် မြန်မာနိုင်ငံကြီးပေါ်ထွန်းလာရေး အတွက် စည်းစည်းလုံးလုံးဖြင့် အလုပ်လုပ်ကြရန် တိုက်တွန်းနှိုးဆော်ရေးသားထား၏။

ကိုယ်ရေးအတ္ထုပ္ပတ္တိ

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများအနက် မြန်မာဘာသာဖြင့်ရေးသားထားသော ကိုယ်ရေးအတ္ထုပ္ပတ္တိ စာမူမှာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားသည်မှစ၍ တက္ကသိုလ်ကျောင်းသားဘဝအထိဖြစ်သော ဗိုလ်ချုပ်အောင် ဆန်းအကြောင်းဖြစ်သည်။ သူ့အတ္ထုပ္ပတ္တိတွင် ဇာတိ နတ်မောက်မြို့တည်နေရာနှင့် ရေမြေတောတောင်သဘာဝ၊ ငယ်စဉ်ကလေးဘဝစိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ ဝါသနာနှင့် အတွေးအခေါ်များ၊ သူ့မိဘဘိုးဘွားများအကြောင်းသာမက ကိုလိုနီခေတ် နတ်မောက်သားများ၏ လူမှုစီးပွားရေးဘဝ တစေ့တစောင်းပါမကျန် ထည့်သွင်းရေးသားထားသည်။ ပညာ၊ သမာဓိ၊ အယူဝါဒပြောင်းလဲခြင်း စသည်တို့နှင့် ပတ်သက်၍ သူ့အယူအဆနှင့် တွေးခေါ်မြော်မြင်ပုံ များကိုလည်း ထည့်သွင်းရေးသားထား၏။ ထို့ကြောင့် သူ၏ အတွေးအခေါ် နက်နဲစူးရှထက်မြက်ပုံ၊ ဆင်ခြင်တုံတရားလက်ကိုင်ထားတတ်ပုံနှင့် လွတ်လပ်စွာ တွေးခေါ် မြော်မြင်မှုတွင် သူအားသန်ပုံများကို သိရှိရ၏။

ဂျပန်ခေတ်အတွင်း လွတ်လပ်ရေးကြေညာသည့် ၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက် အထူးထုတ် ဗမာ့ခေတ် သတင်းစာတွင် ရေးသားထားသည့် ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ ဆောင်းပါး၌ တို့ဗမာအစည်းအရုံးဝင်ပြီး သခင်ဖြစ်လာသည့် အချိန်မှစ၍ ဂျပန်ခေတ်အထိ လွတ်လပ် ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများအကြောင်း ရေးသားထားသည်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ၏ဘဝနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသည် ခွဲခြား၍မရသည့် သဘောကို ထိုဆောင်းပါးက မီးမောင်းထိုး ဖော်ပြနေ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိဟုလည်း ဆိုနိုင်၏။ နိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ စွန့်စား ခန်းများအကြောင်းလည်း ဖြစ်သည်။

လွတ်လပ်ရေးအတွက် အကူအညီရှာရန် ပြည်ပထွက်ခဲ့ရသည်မှာ မည်မျှ သက်စွန့် ဆံဖျားဖြစ်ခဲ့ရပုံကို တွေ့မြင်နိုင်၏။ ထိုဆောင်းပါးတွင် လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်တို့၏ ကြိုးပမ်းဆောင်ရွက်ချက်များ ပါဝင် နေသဖြင့် သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ရုံသာမက နိုင်ငံနှင့် လူမျိုးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် တို့၏ စေတနာနှင့် အနစ်နာခံခဲ့ပုံများကိုလည်း သိရှိရသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာမူနှင့် ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ ဆောင်းပါးကို ဖတ်ရှု ခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထား၊ စရိုက်၊ ဝါသနာ၊ အတွေးအခေါ်နှင့် လွတ်လပ်ရေးအတွက် ဆောင်ရွက်ချက်များပါသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာသည် ပေါ်လွင်ထင်ရှားလာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့သည်မှာ နိုင်ငံလွတ်လပ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ကြီးပွားတိုးတက်ရေးတို့အတွက်ဖြစ်သည်။ သူရေးသားခဲ့သည့် စာပေများမှာလည်း နိုင်ငံလွတ်လပ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ကြီးပွား တိုးတက်ရေးတို့အတွက်ပင်ဖြစ်သည်။ ထိုသုံးချက်သည် သူ့စာပေလက်ရာများတွင် အထင်းသားပေါ်လွင်နေ၏။ဗိုလ်ချုပ်အောင်ဆန်းရေးသားခဲ့သော စာပေလက်ရာများ ကို ဖတ်ရှုလေ့လာခြင်းဖြင့် သူ၏ဆန္ဒအတိုင်း လွတ်လပ် ရေးကို မြတ်နိုးလိုစိတ်၊ မျိုးချစ်စိတ်ဓာတ်တိုးပွားအောင် ဖန်တီးလိုစိတ်၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိ အောင် ကြိုးပမ်းလိုစိတ်၊ နိုင်ငံတော်ကြီး တိုးတက်ခေတ်မီ အောင် ဆောင်ရွက်လိုစိတ်များ ပွားများလာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာသော နိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန် စွမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြုပါသည်။ ။

ကျမ်းကိုး- (မြဟန်-ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ)