နတ်မောက်  ၁၈  ဇူလိုင်

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်)သည် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်းတွင် တည်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း၏မိဘများဖြစ်သော ဦးဖာနှင့်ဒေါ်စုတို့ လက်ထက်ကတည်းက ဆောက်လုပ်နေထိုင်ခဲ့သောအိမ် ဖြစ်သည်။

အဆိုပါနေအိမ်တွင် ဗိုလ်ချုပ် အောင်ဆန်း သည် ၁၉၁၅ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ နေထိုင်ခဲ့သည်။ ဗိုလ်ချုပ်၏ဖခင် ကွယ်လွန်ပြီးနောက် အစ်ကိုဖြစ်သူ ဦးနေအောင်က မိခင်ဖြစ်သူ ဒေါ်စုနှင့်အတူ ဆက်လက်နေထိုင်ခဲ့ပြီး ဦးနေအောင် ကွယ်လွန်သည့်အခါ ၁၉၇၃ ခုနှစ်တွင် နိုင်ငံတော်သို့ လှူဒါန်ခဲ့ခြင်းကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းကာ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်အဖြစ် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြသထားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက် (နတ်မောက်)တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှ စတင်ကာ ကျောင်းသားဘဝ အပါအဝင် နိုင်ငံရေးလှုပ်ရှားမှု အဆင့်ဆင့်နှင့် ကျဆုံးခဲ့သည့် ဈာပနအခမ်းအနားအထိ ဓာတ်ပုံ မှတ်တမ်းများနှင့် အခြားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်နွယ် သည့် ပြခန်းများကို ပြသထားသည်။

ကျောင်းသားဘဝ ဓာတ်ပုံ မှတ်တမ်းတွင် ဦးသောဘိတကျောင်း၌ ပဉ္စမတန်းတွင် ကိုင်ဆောင်ခဲ့သော ဂဏန်းစာအုပ် မျက်နှာဖုံး၊ ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း၌ ဆဋ္ဌမတန်းတွင် ကိုင်ဆောင်ခဲ့သော ဂဏန်း စာအုပ်မျက်နှာဖုံး၊ ၁၀ တန်းအောင် လက်မှတ်၊ တက္ကသိုလ်တက်စ ဓာတ်ပုံ၊ ကျောင်းသားသမဂ္ဂဓာတ်ပုံနှင့် တက္ကသိုလ်အောင် လက်မှတ် စသည်တို့ကို ပြသထားသည်။

 

2

 

မိသားစုဘဝ ဓာတ်ပုံမှတ်တမ်း တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာဆောင် ဖိတ်စာ၊ လက်ထပ်ပြီးစ ဓာတ်ပုံ၊ မိသားစုလိုက်ဓာတ်ပုံ၊ အမေစုနှင့် ဗိုလ်ချုပ်ဓာတ်ပုံ၊ ပဲပြုတ်နဲ့နံပြား စားချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်က ဒေါ်ခင်ကြည်ထံ ပေးသော လက်ရေးမူတို့ကို ပြသထားသည်။

နိုင်ငံရေးလှုပ်ရှားမှုနှင့် နိုင်ငံ့ခေါင်းဆောင်ဘဝ ဓာတ်ပုံမှတ်တမ်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း၊ ရဲဘော်သုံးကျိပ်ဓာတ်ပုံ၊ ဗမာ့လွတ်လပ်ရေး တပ်မတော် အကြောင်းနှင့်အကျိုး၊ ဗိုလ်ချုပ်အောင်ဆန်း တပ်ဆင်ခဲ့သည့် ရာထူးတံဆိပ်များ၊ ဘိလပ်တွင် မြန်မာပြည်ဆိုင်ရာအတွင်းဝန် ပက်ထရစ်လော့ရင့်က ဆီးကြိုပုံ၊ လန်ဒန်ဧည့်ခံပွဲ တက်ရောက်ပုံ၊ လန်ဒန်ဒေါင်းနင်း လမ်းအမှတ်(၁၀)၌ အင်္ဂလိပ်နန်းရင်းဝန်နှင့် တွေ့ဆုံပုံ၊ ပျဉ်းမနား ဘီဒီအေ တပ်ရင်း(၁) တွင် မိန့်ခွန်းပြောကြားပုံ၊ ဘီဒီအေတပ်ရင်း(၁)ကို စစ်ဆေးပုံ၊ တိုင်းပြုပြည်ပြု လွှတ်တော်သို့ တက်ရောက်လာပုံ၊ ဂျူဗလီဟောတွင် ဖဆပလ ပဏာမညီလာခံတွင် မိန့်ခွန်းပြောကြားပုံ၊ ရွှေတိဂုံ အရှေ့ဘက်မုခ်တွင် မိန့်ခွန်းပြောကြားပုံ၊နယ်လှည့်စည်းရုံးရေး ဆင်းပုံများ၊ ပင်လုံညီလာခံ တက်ရောက်လာသော နိုင်ငံခြားသားများနှင့် ဓာတ်ပုံစသည့် ဓာတ်ပုံမှတ်တမ်းများ ပြသထားသည်။

ဈာပနအခမ်းအနား ဓာတ်ပုံမှတ်တမ်းတွင် ရန်ကုန်မြို့ အာဇာနည်ကုန်းသို့ သယ်လာပုံ၊ ကျဆုံးပြီးနောက် စစ်ဝတ်စုံဖြင့် ပြင်ဆင်ထားပုံ၊ အာဇာနည်ကုန်းရှိ ဗိုလ်ချုပ်၏အုတ်ဂူ၊ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ပြုလုပ်ထားသည့် ဗိုလ်ချုပ် နောက်ဆုံးနေခဲ့သည့် အိမ်၊ ဗိုလ်ချုပ် အောင်ဆန်းလုပ်ကြံခံရသည့် ရုံးခန်းတွင် ချိတ်ဆွဲထား သည့် ဝန်ကြီး ဦးအောင်ဆန်း ဆိုင်းဘုတ်တို့ကို ဓာတ်ပုံမှတ်တမ်းများဖြင့် ပြသထားပြီး ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက် သမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် ဆင်းသက်လာပုံ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များကို ပြသထားသည်။

အခြားသော ဗိုလ်ချုပ်နှင့် ဆက်နွှယ်သည့် ပြခန်းများမှာ ဗိုလ်ချုပ်လာစဉ် စာဖတ်သည့် နေရာ၊ ဗိုလ်ချုပ်၏ စာဖတ်ခန်း၊ ဗိုလ်ချုပ် အိပ်ခန်း၊ ဗိုလ်ချုပ် မိခင်အိပ်ခန်း၊ ဗိုလ်ချုပ်၏ မိသားစုအိပ်ခန်း၊ မီးခံသေတ္တာ၊ မီးဖိုခန်း၊ ဗိုလ်ချုပ်၏ မိခင်ဒေါ်စု၏ ရက်ကန်းစင်၊ စပါးထည့်သည့် ကျီ စသည်ဖြင့် အသီးသီး ပြသထားသည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်)ကို ယခင်နှစ်များက အများပြည်သူ ကြည့်ရှုနိုင်ရေး ဖွင့်လှစ်ပေးခဲ့သော်လည်း ယခုနှစ်တွင်မူ ကိုဗစ်-၁၉ ရောဂါကြောင့် ကြည့်ရှုခွင့်ပိတ်ထားပြီး ယခုနှစ်တွင် ကျရောက်မည့်(၇၃) နှစ်မြောက်အာဇာနည်နေ့အထူးပြပွဲကိုလည်း ပြသခြင်းမပြုတော့ဘဲ ပြတိုက်ကို ပိတ်ထားမည်ဖြစ်သည့်အတွက် အများပြည်သူလေ့လာနိုင်ရန် Online Exhibition အဖြစ် ပြသသွားမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

နိုင်လင်းကြည်

4

 

3