ဇွဲသန်းသျှင်း(သုံးဆယ်)
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၂ ခုနှစ် အသက် ၁၈ နှစ်တွင် အထက်တန်းပညာအောင်မြင်ပြီး ထိုနှစ် ဇွန်လမှာပင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာပါသည်။ ၁၉၃၅-၃၆ ခုနှစ်အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအမှုဆောင်အဖြစ် ရွေးကောက်ပွဲကို ဝင်ရာ ၁၉၃၅ ခုနှစ် နိုဝင်ဘာလတွင် အရွေးခံယူပြီး ကျောင်းသားသမဂ္ဂမှ ဦးစီးထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာမလုပ်မီအချိန်က အိုးဝေမဂ္ဂဇင်းကို ကျောင်းသားများသမဂ္ဂ မဂ္ဂဇင်းဟု ရိုးရိုးပင် ခေါ်နေကြသည်။ အယ်ဒီတာမှာ အငြိမ်းစား မြန်မာစာပါမောက္ခ ဦးချမ်းမြ(မြကေတု) ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသမဂ္ဂ မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာဖြစ်လာသည့် အခါကျမှပင် အိုးဝေမဂ္ဂဇင်းဟု အမည် ပြောင်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာညိုမြတို့ နှစ်ဦးသည် တက္ကသိုလ်သမဂ္ဂမဂ္ဂဇင်း (နောင်အိုးဝေ မဂ္ဂဇင်း) အယ်ဒီတာအဖြစ် ဆောင်ရွက်ရေးကိစ္စနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦး ညှိနှိုင်းတိုင်ပင်ခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်းက မဂ္ဂဇင်းအယ်ဒီတာလုပ်၍ ဆရာညိုမြက မဂ္ဂဇင်းမန်နေဂျာလုပ်ရန် နှစ်ဦးသဘောတူညီခဲ့ ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက သမဂ္ဂမဂ္ဂဇင်းဟု ခေါ်တွင်ခြင်းကို မကြိုက်သဖြင့် နာမည်အသစ် ရွေးချယ် ကြရာ ဆရာညိုမြ အကြံပေးသည့်အတိုင်း အိုးဝေမဂ္ဂဇင်း ဟူသောအမည်ဖြင့် ၁၉၃၆ခုနှစ် ဇန်နဝါရီလထုတ်မှစ၍ ပြောင်းလဲထုတ်ဝေခဲ့ကြသည်။
သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် အိုးဝေမဂ္ဂဇင်း အတွဲ-၅၊ အမှတ်-၁၊ ၁၉၃၆ ခုနှစ် ဇန်နဝါရီလထုတ်ကို စတင်ထုတ် ဝေခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် တက္ကသိုလ်အာဏာပိုင် များကို သရော်ထားသော “ယမမင်း” ကလောင်အမည် ဖြင့် ဆရာညိုမြရေးသားသည့် “ငရဲခွေးကြီးလွတ်နေပြီ” (The Hell-Hound at Large) ဆောင်းပါး ပါလာရာ ဆောင်းပါးရေးသူကို အယ်ဒီတာဗိုလ်ချုပ်အောင်ဆန်းက ဖော်ထုတ် မပေးသဖြင့် အာဏာပိုင်များက မကျေမနပ် ဖြစ်ခဲ့သည်။
ခေါင်းကြီးပိုင်းဖော်ပြသည့် အနိုင်မခံကဗျာ
၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာပြီး ၁၉၃၆ခုနှစ် မေလ ၁၀ရက်နေ့တွင် ကျောင်းသားများ သပိတ်လှန်ခဲ့သည်။ ၁၉၃၆ခုနှစ် စက်တင်ဘာလတွင် အိုးဝေမဂ္ဂဇင်း အတွဲ-၆၊ အမှတ်-၁ ထွက်လာပါသည်။ မဂ္ဂဇင်းတွင် ခေါင်းကြီးပိုင်းအဖြစ် “အနိုင်မခံ”ကဗျာအား ဖော်ပြထားပါသည်။ ရေးသူအမည် မပါပေ။ သို့ရာတွင် မဂ္ဂဇင်းတို့၏ ထုံးတမ်းစဉ်လာအရ ခေါင်းကြီးပိုင်းကို တာဝန်ခံအယ်ဒီတာများကသာ ရေးသားရမြဲဖြစ်သဖြင့် “အနိုင်မခံ” ကဗျာကို အိုးဝေမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ဗိုလ်ချုပ်အောင်ဆန်းပင် ရေးသားခဲ့ပါသည်။ မူရင်းကဗျာ မှာ ဝီလျံအာနက်ဟင်နလီ (Willian Erarvnes Henley) ရေးသည့် Invictus အမည်ရှိကဗျာကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။
နောင်တွင် “အနိုင်မခံ” ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့ခြင်း ဖြစ်သည်ဟူ၍လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းရေးသားခဲ့ခြင်း မဟုတ်ဟူ၍လည်းကောင်း ရေးသားတင်ပြလာခဲ့ကြသည်မှာ ယနေ့ထိတိုင်အောင်ပင် ဖြစ်ပါသည်။ “အနိုင်မခံ” ကဗျာကို ဗိုလ်ချုပ်အောင်ဆန်းရေးသားခဲ့သည်ဟု အစောဆုံးတင်ပြခဲ့သူမှာ ဒေါက်တာ မောင်မောင်ဖြစ်ပါသည်။ ဒေါက်တာမောင်မောင်သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ The Nation သတင်းစာတွင် “Aung San A Biography by Maung Maung” အမည်ဖြင့် ရေးသားခဲ့ပါ သည်။ ဒေါက်တာမောင်မောင်က ၁၉၄၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တာဝါလိန်းရှိ ဗိုလ်ချုပ် အောင်ဆန်းအိမ်သို့ ရောက်သွားပြီး ဗိုလ်ချုပ်နှင့် စကားပြောဆိုရာတွင် “အနိုင်မခံ” ကဗျာနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထားပါသည်။
သတ္တိရှိတဲ့စိတ်ဓာတ် အောင်မြင်အောင်လုပ်နိုင်
“ဗိုလ်ချုပ်က စကားပြောနေရာမှ ကျွန်တော့်ဘက်သို့ လှည့်လိုက်ကာ သူကဆက်လက်ပြောပြန်သည်။ “ဒါကြောင့် သတ္တိရှိရမယ်၊ သတ္တိရှိတဲ့စိတ်ဓာတ်ဟာ မိမိရဲ့ဆန္ဒကို အောင်မြင်အောင်လုပ်ပေးနိုင်တယ်၊ ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော်အလွန်ကြိုက်တဲ့ ကဗျာတစ်ပုဒ် ရှိတယ်ဗျ၊ အဲဒီ ကဗျာကို ခင်ဗျားဖတ်ဖူးမှာပေါ့” ထိုသို့ပြောရင်း သူက ဝီလျံအာနက်ဟင်နလီ၏ “အနိုင်မခံ” Invictus ကဗျာကို ရွတ်ပြပါသည်။ နောက် ဒီကဗျာကို ကျွန်တော်ဘာသာပြန်ပြီး အိုးဝေမဂ္ဂဇင်းမှာ ရေးခဲ့ဖူးတယ်။ ဒီတုန်းက ကျွန်တော်က အိုးဝေအယ်ဒီတာပေါ့”
“အနိုင်မခံ”ကဗျာကို ဗိုလ်ချုပ်အောင်ဆန်းရေးသားခဲ့ကြောင်း တင်ပြသူ နောက်တစ်ဦးမှာ မြန်မာစာပါမောက္ခ ဟောင်း ဆရာကြီးဦးချမ်းမြ (မြကေတု) ဖြစ်ပါသည်။ ဆရာကြီး ဦးချမ်းမြက သူနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ “အနိုင်မခံ” ကဗျာနှင့်ပတ်သက်၍ ဘာသာပြန်ဆိုပုံ၊ ဝေါဟာရသုံးနှုန်းပုံတို့ကို ဆွေးနွေးခဲ့ကြောင်း သူ၏ ‘‘ နှောင်းခေတ်တက္ကသိုလ် ဘဝမှတ်တမ်းများ” စာအုပ် စာ-၃၀၁ တွင် အောက်ပါအတိုင်း ရေးထားပါသည်-
၁၉၃၅-၃၆ ခုနှစ်တွင် သခင်အောင်ဆန်းသည် မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာဖြစ်လာပြီး ၁၉၃၆-၃၇ ခုနှစ်တွင် ကိုညိုမြက မဂ္ဂဇင်းတာဝန်ခံအဖြစ် ဆက်လက်ထမ်းဆောင် ပါသည်။ သခင်အောင်ဆန်းသည် ၁၉၃၅-၃၆ ခုနှစ် အိုးဝေ မဂ္ဂဇင်းတာဝန်ခံဖြစ်လာစဉ် ယင်းမဂ္ဂဇင်း၏ ခေါင်းကြီးပိုင်း တွင် “အနိုင်မခံ” ကဗျာကို ရေးသားထည့်သွင်းပါသည်။ ဤဘာသာပြန်ကဗျာကို သူကိုယ်တိုင် ဘာသာပြန်ရေးသား ကြောင်းကိုလည်း ကျွန်တော်ကိုယ်တိုင် သိပါသည်။ ကျွန်တော်သည် သမဂ္ဂအသင်းသို့ အားလပ်သည့်အချိန် တိုင်း သွားရောက်လည်ပတ်တတ်ပါသည်။ သမဂ္ဂသို့ ရောက် လာသည့်အခါတိုင်း သခင်အောင်ဆန်းနှင့် တွေ့ကြပါသည်။
တစ်နေ့သော် သခင်အောင်ဆန်းက ကိုချမ်းမြ ကပ္ပတိန် အောက်ဖ်သည် ဆိုးလ် (Captain of the soul) ကို ခင်ဗျား ဘယ်လိုပြန်မလဲဟု မေးပါသည်။ ကျွန်တော်က မာလိန်မှူးဆိုရင် ပိုကောင်းလိမ့်မယ်ထင်တယ်ဟု ပြန်ဖြေ လိုက်ပါသည်။
ဤဝေါဟာရကို သခင်အောင်ဆန်း သဘောမကျပါ။ သူ၏မှတ်စု အကြမ်းစာအုပ်ထဲတွင် ယင်းကဗျာ ဘာသာပြန်ကို ရေးခြစ်လိုက်၊ ဖျက်လိုက်လုပ်နေသည်ကို တွေ့ရပါသည်။
“အနိုင်မခံ”ကဗျာကို ကိုအောင်ဆန်းရေးသားရာ၌ အိုးဝေမဂ္ဂဇင်းခေါင်းကြီးပိုင်းတွင် သူ၏ နာမည်မပါ ကြောင်းမှာ အဆန်းမဟုတ်ပါ။ ခေါင်းကြီးပိုင်းကို ရေးသားသူ၏ အမည်မှာ မဂ္ဂဇင်းတို့၏ ထုံးတမ်းစဉ်လာ အရ ပါလေ့ပါထ မရှိပါ။ ခေါင်းကြီးပိုင်းကို တာဝန်ခံ အယ်ဒီတာများက သာလျှင် ရေးသားကြရမြဲဖြစ်ပါသည်။ အခြားကဗျာ တစ်ပုဒ်စ နှစ်ပုဒ်စကိုလည်း သခင်အောင်ဆန်း ရေးသားဖူးသည်ကို သိပါသည်။ သို့သော် သူ့အမည်ကို မတွေ့ရပါ”။
ဆရာဦးချမ်းမြသည် ဗိုလ်ချုပ်အောင်ဆန်းထက် အရင်စောပြီး သမဂ္ဂမဂ္ဂဇင်း (နောင် အိုးဝေမဂ္ဂဇင်း) တာဝန်ခံအယ်ဒီတာလုပ်ခဲ့သူ ဖြစ်ပါသည်။ ၎င်းနောက်မှ ဗိုလ်ချုပ်အောင်ဆန်းသည် အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် ဆရာဦးချမ်းမြနေရာကို ဆက်ခံခဲ့ ပါသည်။
လွတ်လပ်ရေးအရလိုချင်သည့် စိတ်ဓာတ် “အနိုင်မခံ”ကဗျာကို ဗိုလ်ချုပ်အောင်ဆန်းရေးသားခဲ့သည်ဟု ထောက်ပြသူတစ်ဦးမှာ ဆရာ မောင်ထင်ဖြစ်ပါသည်။
ဆရာမောင်ထင်က မူရင်းကဗျာဆရာဝီလျံအာနက် ဟင်နလီ၏ ကဗျာနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ် ရေး အရလိုချင်သည့်စိတ်ဓာတ်တို့ကို နှိုင်းယှဉ်ကာ ကမ္ဘာ့ စာပေအညွှန်း အင်္ဂလိပ်စာပေသမိုင်း (ဒုတိယတွဲ) စာ-၁၈၄ တွင် အောက်ပါအတိုင်း ထောက်ပြထားပါသည်။
“တို့အင်္ဂလန်ဟူသော ဇာတိမာန်ဖြင့် ကဗျာဖွဲ့သူမှာ ဝီလျံအာနက်ဟင်နလီ (၁၈၄၉-၁၉၀၃) ဖြစ်သည်။ မိမိ လူမျိုးနှင့် မိမိနိုင်ငံကို ကြီးကျယ်မြင့်မြတ်စေလိုသော ဇောဖြင့် အားပေးလှုံ့ဆော်သော စေတနာကို ဟင်နလီ၏ ကဗျာများ၌ တွေ့ရသည်။ မိမိတိုင်းပြည်ကိုလွတ်လပ်စေလိုသော ဆန္ဒပြင်းပြသူအဖို့မှာ ဟင်နလီ၏ ကဗျာတို့သည် လွတ်လပ်ရေးကြိုးပမ်းမှုကို အားသစ်မာန်သစ်လောင်းပေး သကဲ့သို့ ရှိသည်။”
“ဤအကြောင်းကြောင့် နယ်ချဲ့ဝါဒကိုတော်လှန်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ဟင်နလီ၏ ကဗျာ၌ရှိသော နိုင်ငံအတွက်ကြိုးပမ်းခြင်း အနှစ်သာရကို များစွာနှစ်ခြိုက် ခဲ့ခြင်းဖြစ်သည်။ ယင်းကဗျာကား အိုးဝေမဂ္ဂဇင်း တစ်စောင်တွင် ပါရှိသော “အနိုင်မခံ”ကဗျာဖြစ်သည်။ ယင်းကဗျာသည် ဗိုလ်ချုပ်အောင်ဆန်းအား မိမိကို မိမိကံကြမ္မာကသာလျှင် ဖန်တီးသည်။ မိမိစိတ်ကို မိမိ သာလျှင် စိုးပိုင်သည်ဟူသော ရဲရဲတောက် အာဇာနည် စိတ်ဓာတ်တို့ဖြင့် သိဒ္ဓိတင်ပေးခဲ့လေသည်။”
ဗိုလ်ချုပ်အောင်ဆန်းသည် သူကိုယ်တိုင် ဘာသာပြန်ဆိုရန် မဟုတ်ဘဲ “အနိုင်မခံ” ကဗျာ နှင့် ပတ်သက်၍ ဘာသာပြန်ဆိုပုံ၊ ဝေါဟာရ သုံးနှုန်းပုံတို့ကို ပါမောက္ခ ဦးချမ်းမြအား တိုင်ပင် ဆွေးနွေးလိမ့်မည် မဟုတ်ပေ။ ထို့အတူ ဗိုလ်ချုပ် အောင်ဆန်းသည် အမှန်တကယ် သူ မရေးသားခဲ့ဘဲ အိုးဝေမဂ္ဂဇင်းတွင် သူရေးသားခဲ့ပါသည်ဟု ဒေါက်တာမောင်မောင်အား ပြောပြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် “အနိုင်မခံ” ကဗျာကို သူအမှန်တကယ် ဘာသာပြန် ဆို ရေးသားခဲ့၍သာ ဘာသာပြန်ဆိုပုံ၊ ဝေါဟာရ သုံးနှုန်းပုံတို့ကို ဆရာဦးချမ်းမြအား တိုင်ပင် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတူ ဗိုလ်ချုပ် အောင်ဆန်းသည် သူအမှန်တကယ် ဘာသာပြန်ပြီး အိုးဝေမဂ္ဂဇင်းတွင် ရေးသားခဲ့၍သာ ဒေါက်တာ မောင်မောင်အား ပြန်လည်ပြောပြခဲ့ခြင်း ဖြစ်ပါ သည်။
ကမ္ဘာ့စာပေအညွှန်းတွင် မှတ်တမ်းတင် ဖော်ပြ
ဆရာမောင်ထင်ကလည်း အိုးဝေမဂ္ဂဇင်းပါ “အနိုင်မခံ” ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း အမှန် တကယ်ရေးသားခဲ့၍သာ ကမ္ဘာ့စာပေအညွှန်း စာအုပ်တွင် မှတ်တမ်းတင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ဒေါက်တာ မောင်မောင်၏ တင်ပြချက်၊ ဆရာ ဦးချမ်းမြ၏ တင်ပြချက်၊ ဆရာမောင်ထင်၏ တင်ပြချက်များကို ထောက်ရှုကြည့်လျှင် “အနိုင်မခံ” ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း အမှန် တကယ်ရေးသားခဲ့ကြောင်း ဖော်ပြသည့် အရင်းခံ အထောက်အထားများဖြစ်ပါသည်။
“အနိုင်မခံ” ကဗျာကို ရေးသူမှာ ဗိုလ်ချုပ် အောင်ဆန်း မဟုတ်၊ ဆရာညိုမြဖြစ်သည်ဟု တင်ပြသူလည်း ရှိပါသေးသည်။ တင်ပြသူ ဆောင်းပါးရှင်က “အနိုင်မခံ” ကဗျာကို ဘာသာပြန် ရေးသားခဲ့သူမှာ ညိုမြဖြစ်သည်။ ညိုမြသည် ဒုတိယ ကောလိပ်သပိတ်ကြီးအပြီးတွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူရလေသည်။ ထိုအခါ သူ တည်းဖြတ်ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းကို “အထူး သပိတ်မှောက်စာစောင်”ဟူ၍ အမည်တပ် ခဲ့သည်။
ထိုအိုးဝေမဂ္ဂဇင်းခေါင်းကြီးကို အယ်ဒီတာ ဖြစ်သူ ညိုမြက ရေးသားခဲ့သည်။ ဤသို့ဖြင့် အိုးဝေ မဂ္ဂဇင်းခေါင်းကြီးပိုင်းအဖြစ် “အနိုင်မခံ” ကဗျာကို ဖော်ပြခဲ့ခြင်းဖြစ်သည်။” ဟု တင်ပြထားပါသည်။
ဆောင်းပါးရှင်သည် ဆရာညိုမြက ဆရာ တိုက်စိုးအား ရေးပေးခဲ့သည့် မှတ်စုတိုကလေးကို ရည်ညွှန်းထောက်ပြကာ “အနိုင်မခံ”ကဗျာကို ဆရာညိုမြရေးသားခဲ့သည်ဟု အထက်ဖော်ပြပါ အတိုင်း တင်ပြခဲ့ခြင်းဖြစ်ပါ သည်။ ဆရာညိုမြ ရေးပေးခဲ့သည်ဆိုသော မှတ်စုတို ကလေးတွင် -
၁၉၃၆ ခုနှစ်၊ တက္ကသိုလ်သပိတ်ကြီး အောင်မြင်စွာ ပြီးဆုံးပြီးနောက် ၁၉၃၇ ခုနှစ် တွင် ကျွန်တော်သည် တက္ကသိုလ်သမဂ္ဂ မဂ္ဂဇင်း (အိုးဝေ) ကို တာဝန်ခံ အယ်ဒီတာ အဖြစ် ကိုအောင်ဆန်း “ဗိုလ်ချုပ်” နေရာကို ဆက်ခံခဲ့ပါသည်။ ထိုနှစ်က အိုးဝေခေါင်းကြီး ပိုင်းတွင် “အနိုင်မခံ” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားပါရှိခဲ့ရာ ထိုစာမှ W.E Henley ခေါ် အင်္ဂလိပ်စာရေးဆရာ ရေးသားသည့် Invictus ဟူသော ကဗျာကိုမှီး၍ ရေးသားခဲ့ခြင်းဖြစ် သည်။” ဟု ဖော်ပြပါရှိပါသည်။
“အနိုင်မခံ” ကဗျာကို ရေးသားခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်၊ ဆရာမင်းသုဝဏ်ဖြစ်၏သည်ဟု ဆရာ တက္ကသိုလ်စိန်တင်က ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တွင် ရေးသားတင်ပြထားပါသည်။ ဆရာ တက္ကသိုလ်စိန်တင်က သူ့ဆောင်းပါးတွင် “သည် အချိန်တွင် ကဗျာဆရာ W.E Henley ရေးသား သီဖွဲ့ထားသောကဗျာကို ကိုအောင်ဆန်း သတိရ သည်။ ထိုအချိန်တွင် အိုးဝေမဂ္ဂဇင်း၏ အာဘော် ဖြစ်သည့် ကဗျာဘာသာပြန်ချက်ကို ဆက်ဆက်ကြီး ထည့်သွင်းဖော်ပြရန် ကိုအောင်ဆန်းအကြံရပါလိမ့် မည်။ သူငယ်ချင်း ညိုမြနှင့် တိုင်ပင်ပြီးလျှင် ထိုအချိန်က နာမည်ကျော်ကြားစပြုနေသော ကဗျာဆရာ မင်းသုဝဏ်ကို တာဝန်ပေးသည်။ ကိုအောင်ဆန်း၊ ကိုညိုမြ၊ ကိုဝန်(မင်းသုဝဏ်)တို့ သုံးဦး ခေါင်းချင်းဆိုင်ကြပြီး ကဗျာကို ဘာသာပြန် ရန်ကိစ္စ မင်းသုဝဏ်က တာဝန်ယူသည်။ စကား လုံး အသုံးအနှုန်း၊ အထားအသိုတို့ကို မျိုးချစ် ကျောင်းသား သုံးဦးတို့ တိုင်ပင် ညှိနှိုင်းပြီးသောအခါ တွင် သမိုင်းဝင် “အိုးဝေမဂ္ဂဇင်း” ခေါင်းကြီးပိုင်း အာဘော်သည် နာမည်ကျော်ကြားလျက် ကျောင်းသား ကျောင်းသူများအတွင်း သက်ဆင်း လှုပ်ရှားသွားတော့သည်”ဟု ဖော်ပြထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ
“အနိုင်မခံ” ကဗျာနှင့် ပတ်သက်၍ ယင်းကဲ့သို့ အလွဲလွဲ အမှားမှား မှတ်ယူကြကာ ရေးနေကြ၊ ပြောနေကြမည်ဆိုလျှင် နှောင်းလူတို့ အမှတ်မှား ကာ နောင်တစ်ချိန်တွင် အမှားကို အမှန်ဟု မှတ်ယူ မည်ကို စိုးရပါသည်။ ဤနေရာတွင် ကျောင်းသား များသမဂ္ဂတွင် ဗိုလ်ချုပ်အောင်ဆန်း ပါဝင် ဆောင်ရွက်ခဲ့သည့် အခန်းကဏ္ဍအား တင်ပြမှသာ “အနိုင်မခံ” ကဗျာသည် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတစ်ပုဒ်ဖြစ်ကြောင်း သိနိုင်မည်ဖြစ် ပါသည်။
၁၉၃၅-၃၆ ခုနှစ်အတွက် တကသအမှုဆောင် ရွေးကောက်ပွဲကို ၁၉၃၅ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းသည် အမှုဆောင် အဖြစ် အရွေးခံရကာ အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၁၉၃၆-၃၇ ခုနှစ် အတွက် တကသအမှုဆောင် ရွေးကောက်ပွဲကို ၁၉၃၆ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဒု-ဥက္ကဋ္ဌအဖြစ် အရွေးခံရပါသည်။ ထိုသို့ ဒု-ဥက္ကဋ္ဌ အဖြစ် အရွေးခံရသဖြင့် သမဂ္ဂတာဝန်လည်း ပိုမိုများပြားလာကာ အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ အလုပ်ကို မလုပ်ကိုင်နိုင်တော့ပေ။ ထိုအခါ အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ တာဝန်ကို ဆရာညိုမြက ပြောင်းလဲတာဝန်ယူခဲ့ ရပါသည်။
ထို့ကြောင့် ဆရာညိုမြသည် ၁၉၃၆ ခုနှစ် စက်တင်ဘာလထုတ် အိုးဝေမဂ္ဂဇင်း အတွဲ-၆၊ အမှတ်-၁ ကို ထုတ်ဝေစဉ်အခါက အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် မဆောင်ရွက်ခဲ့ရ သေးပေ။ ထို့အတူ အိုးဝေမဂ္ဂဇင်းခေါင်းကြီးပိုင်း အဖြစ် ဖော်ပြခဲ့သော “အနိုင်မခံ” ကဗျာကိုလည်း ဆရာ ညိုမြ ရေးသားခြင်း မဟုတ်နိုင်ပေ။ အဘယ့် ကြောင့်ဆိုသော် ဆရာညိုမြကိုယ်တိုင် ဆရာ တိုက်စိုးအား ရေးပေးခဲ့သည့်မှတ်စုတိုတွင် ဖော်ပြ ထားချက်အရ သူသည် ၁၉၃၇ ခုနှစ်တွင် အိုးဝေ မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ်ကို ကိုအောင်ဆန်း “ဗိုလ်ချုပ်”နေရာကို ဆက်ခံရပါ သည်ဟု ရေးထားသောကြောင့် ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်များကို ထောက်ရှု ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၆ခုနှစ် ဒီဇင်ဘာလတွင် တကသဒု-ဥက္ကဋ္ဌအဖြစ် အရွေးခံရ သည်ဆိုသောစကားနှင့် ကျွန်တော်သည် ၁၉၃၇ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်း “ဗိုလ်ချုပ်”နေရာကို ဆက်ခံခဲ့ပါ သည်ဆိုသော ဆရာညိုမြ၏ စကားတို့ကို ဆက်စပ် နှိုင်းယှဉ်ကြည့်သည့်အခါ ၁၉၃၆ခုနှစ် စက်တင်ဘာ လထုတ် အိုးဝေမဂ္ဂဇင်းပါ “အနိုင်မခံ” ကဗျာကို ရေးသားသူမှာ ဗိုလ်ချုပ်အောင်ဆန်းသာဖြစ်ပါ သည်။ဆရာညိုမြ မဟုတ်ပေ။ တစ်ခုတော့ရှိပါ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် “အနိုင်မခံ” ကဗျာအား ဘာသာပြန်ဆိုပုံ၊ ဝေါဟာရသုံးနှုန်းပုံတို့နှင့် ပတ်သက်၍ ဆရာဦးချမ်းမြနှင့်ဆွေးနွေးတိုင်ပင်ခဲ့သလို ဆရာညိုမြနှင့်လည်း “အနိုင်မခံ” ကဗျာအား ဘာသာပြန်ဆိုပုံ၊ ဝေါဟာရသုံးနှုန်းပုံ နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ကောင်း ဆွေးနွေးတိုင်ပင်ပါလိမ့်မည်။ ထိုအခါဆရာညိုမြ သည် “အနိုင်မခံ” ကဗျာနှင့်ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်းအား အကူအညီပေးလိမ့်မည်ဟု ယူဆရပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် “အနိုင်မခံ”ကဗျာ သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ စာပေလက်ရာတစ်ပုဒ်ဖြစ်ကြောင်း အရင်းခံအထောက်အထားများဖြင့် တင်ပြရင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျ ရောက်မည့် (၇၃) ခုနှစ်မြောက် အာဇာနည်နေ့နှင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဤ ဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ရပါသည်။
အနိုင်မခံကဗျာကို နှောင်းခေတ်တက္ကသိုလ်ဘဝမှတ်တမ်းများစာအုပ်မှရယူပါသည်။ ။
“အနိုင်မခံ”
ငါ့အား ဖုံးလွှမ်းထားသော လကွယ်
သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍
အနိုင်မခံအရှုံးမပေးတတ်သော
ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ် သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်
ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား
မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏
ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။
ညွတ်ကားမညွတ်။
ဤလောဘ၊ ဒေါသတို့ကြီးစိုးရာဌာန၏
အခြားမဲ့၌ကား သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကိုသာ
တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှမကြောက်
သည်ကိုသာတွေ့ရအံ့။ သုဂတိသို့သွားရာ
တံခါးဝသည် မည်မျှကျဉ်းမြောင်းသည်
ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌
ငါ့အပြစ်တို့ကို မည်မျှပင်များစွာမှတ်သား
ထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ
ဖြစ်သတည်း။ ။


