ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာပြပွဲ တက်ရောက်ရန်ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ  ၅

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) တက်ရောက်ရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိကြရာ ထိုင်းဘုရင့် တပ်မတော်ပူးတွဲ စစ်ဦးစီးချုပ် Gen. Ponpipaat Benyasri နှင့် ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN