ဩဂုတ် ၁၈ ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်‌မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်(ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေဖြင့် ဝိုင်းမော်မြို့နယ်တွင် ဗလမင်းထင်-နောင်ချိန်းကျေးရွာချင်းဆက်လမ်း ဖောက်လုပ်လျက်ရှိပြီး  ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ဌာနမှတာဝန်ရှိသူများသည် ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဝိုင်းမော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် နောင်ချိန်းကျေးရွာရှိ ဗလမင်းထင်-နောင်ချိန်းကျေးရွာချင်းဆက် လမ်းအား ကွန်ကရစ်ခင်းခြင်း နှင့် မြေသားတာဘောင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီအချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းသည်  အရှည်  ၄ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ဒု ၇လက်မ ရှိပြီး ဝိုင်းမော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီများဖြင့် တင်ဒါအောင်မြင်သည့် မြောက်ပိုင်းအကယ်ဒမီကုမ္ပဏီက ယခုနှစ် ဇွန်လ ဒုတိယအပတ်မှ  လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်း၏ ၁၅ ရာခိုင်နူန်းခန့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ လုပ်ငန်းများရာနူန်းပြည့် ပြီးစီးပါက အဆိုပါလမ်းအား အသုံးပြုနေသည့် ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူ(၆၈၅၄)ဦးတို့သည် ဝိုင်းမော်မြို့သို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး အခွင့်အလမ်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ချိုသန်းညွန့် (ကျေးလက်)