ဗန်းမော် ၁၁ ဧပြီ

 

ကချင်ပြည်နယ် ဗန်းမော်မြို့ ရွှေကျီးနားမဟာစေတီတော်ကြီးအနီးတွင် တည်ဆောက်ထားသော “သီတဂူစက္ခုအလင်းတန်း” မျက်စိအထူးကုဆေးရုံ၌ ဧပြီလ ၄ ရက်နေ့မှ စတင်၍ မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ဆေးကုသမှုများပြုလုပ်ပေးလျက်ရှိပြီး အဆိုပါဆေးရုံသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် “သီတဂူစက္ခုအလင်းတန်း” မျက်စိအထူးကု ဆေးရုံများ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ ဆရာတော်ကြီး အမှူးပြု၍ ကြွရောက်တော်မှုကြသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်တို့နှင့်တကွ ကချင်ပြည်နယ်အစိုးအရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ လမ်းပန်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဦးဝင်းညွန့်၊ ဗန်းမော်မြို့အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်နီလင်းအောင်၊ ဗန်းမော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်၏ အနုမောဒနာတရားများကို နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှဝေခဲ့ကြပြီးနောက် ဆရာတော်နှင့်အတူ ဆေးရုံသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

 

ယင်းနောက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရနှင့် ဆရာတော်များ၊ တာဝန်ရှိသူများက ကဗ္ဗည်းမော်ကွန်းအား နံ့သာရည်များပက်ဖျန်းကာ ဆေးရုံအတွင်းကုသဆောင်များနှင့်လူနာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

“ဦးလေးက မျက်စိရေတိမ်လို့ ဆေးကုသခွင့်ရရှိတဲ့အတွက် ဝမ်းသာတယ်၊ မရှိဆင်းရဲသူတွေအတွက် အရမ်းကောင်းတာပေါ့၊ တာဝန်ကျတဲ့ဆရာဝန် ဆရာမများလည်း အရမ်းကောင်း ပါတယ်၊ ရောဂါစုံလည်း ကြည့်ပေးပါတယ်”ဟု ဗန်းမော်မြို့ မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းမှ ဝန်ထမ်း မိသားစုဖြစ်သူ မျက်စိခွဲစိတ်ထားသော ဦးကျော်ဆန်း(၆၇)နှစ်က ပြောသည်။

 

“မျက်စိလာပြတာ ဆရာဝန်စမ်းသပ်ပေးခဲ့တယ်၊ မျက်စိတော့မခွဲရဘူး မျက်သားတိမ် ဖြစ်နေတာ သောက်ဆေးပေးခဲ့တယ်၊ မျက်မှန်ပဲတပ်ရမယ်”ဟု ဗန်းမော်မြို့နယ် တာမိုင်းလုံ ကျေးရွာမှ ဒေါ်ဝင်းရွှေ(၅၄)နှစ်က ပြောကြားခဲ့သည်။

 

“ကျွန်တော့် အမေ ဆေးကုသခွင့်ရတဲ့အတွက် စိတ်ထဲမှာပြောမပြတတ်လောက်အောင် ဝမ်းသာပါတယ်၊ မနေ့က မျက်စိခွဲစိတ်ထားရတယ် ဒီနေ့ပဲ ဆေးရုံဆင်းရတော့မယ်”ဟု မိုးမောက်မြို့နယ် နှင်းအီကျေးရွာမှ လူနာစောင့်သူ ဦးစိုးတင့်က ပြောကြားသည်။

 

“မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ကျွန်မတို့ ခရိုင်မှာရှိတဲ့ တပ်ဖွဲ့တွေက အလှည့်ကျလာပြီး လူနာတွေကို နေရာချကူပေးတယ်၊ ခွဲစိတ်လူနာတွေကို ကူညီစောင့်ရှောက်ပေးတယ်၊ မျက်စိက အရမ်းနူးညံ့တဲ့အတွက် လူနာဆောင်ထဲမှာ လူနာစောင့်ကို မထားဘူး လူနာတွေရဲ့ သန့်ရှင်းရေးများနဲ့ လိုအပ်တဲ့ဟာကို လူနာစောင့်တွေကိုယ်စား ကူညီပေးပါတယ်” ဟု လာရောက်ကူညီဆောင်ရွက်သူ မိုးမောက်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

 

“ကျွန်မတို့က လာရောက်ကူညီပေးတာပါ လူနာတွေက ခွဲစိတ်ခန်းဝင်ပြီး ထွက်လာတဲ့ လူနာတွေကို ကူညီပေးတယ်၊ အသက်ကြီးတဲ့သူ အရမ်းဝတဲ့နေက နီးတဲ့လူနာဆောင်မှာ နေရာပေးတာလို့ လိုအပ်တဲ့သန့်ရှင်းရေးကအစ ကြက်ခြေနီ အသင်းနဲ့ ဝိုင်းကူညီပေးပါတယ်”ဟု ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်မီမီနွယ်က ပြောသည်။

 

“ကျွန်မက သီတဂူဆေးရုံမှာ အလုပ်လုပ်တာ(၁၉)နှစ်ရှိပြီ ဆရာတော်ကြီးက သီတဂူဆေးရုံဖွင့်တိုင်း သီတဂူဝန်ထမ်းတွေက အလှည့်ကျလိုက်ပြီး တာဝန်ထမ်းဆောင်ရတယ်၊ ကျွန်မတို့ သီတဂူဆေးရုံ Main Centre ကနေမှ နယ်တွေကို တစ်လကို တစ်ကြိမ် နယ်လှည့်ပြီး မျက်စိခွဲကုသပေးပါတယ်၊ အခုလိုပွင့်လင်းရာသီမှာဆိုရင် ဒီလထဲမှာ အခုဆို ဗန်းမော်ပေါ့နော်၊ (၂၃)ရက်နေ့ကို မကွေးမှာပေါ့ မျက်စိသွားခွဲမယ်၊ ဖွင့်ပြီးတဲ့ဆေးရုံကို အလှည့်ကျနယ်ဘက်ကို မျက်စိသွားခွဲကြမယ်”ဟု စစ်ကိုင်းသီတဂူဝန်ထမ်း ဒေါ်ကလျာထူး(Sister)က ပြောခဲ့သည်။

 

အဆိုပါဆေးကုသမှုကို စစ်ကိုင်းသီတဂူစက္ခုအလင်းတန်း မျက်စိအထူးကုဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်မိမိခင်နှင့်ဝန်ထမ်းများက ဦးဆောင်ပြီး အထူးကု ဆရာဝန်များတို့က ဧပြီ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ဗန်းမော်ခရိုင်အတွင်းမှ မျက်စိဝေသနာရှင်များအား အခမဲ့ဆေးကုသပေးလျက်ရှိရာ မျက်စိလာရောက်ပြသသူ(၂၂၉၆)ဦးရှိပြီး မျက်စိခွဲစိတ် ကုသသူ(၃၁၇)ဦးထိရှိခဲ့သည်။  လူမှုရေးအသင်းအဖွဲ့များကလည်း လာရောက်ကူညီခဲ့ကြပြီး ယနေ့အထိ ဆက်လက်ကုသပေးလျက်ရှိသည်။

 

ဆေးရုံအနီးရှိ နမ့်ဖားရပ်ကွက်၊ နောင်ခိုရပ်ကွက်၊ ကုန်းခါးရပ်ကွက်၊ မိုးဖိန်းကျေးရွာ၊ မံရေးကျေးရွာ စသည့်ရပ်ကွက်ကျေးရွာများကလည်း ဆေးရုံအတွင်းလာရောက်ကြသူများကို စတုဒီတာများဖြင့် အာဟာရဒါနပြုခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN

 

mdn