ဖနောင်ပင်  ၃  မတ်

လာအိုလေကြောင်းပို့ဆောင်ရေး အာဏာပိုင်များက ဗုဒ္ဓဘာသာဝင်ဘုရားဖူးများအတွက် ပုဂံနှင့် နီပေါနိုင်ငံ လုမ္ဗိနီကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များပြေးဆွဲရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

“ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောဝပ်၊ မြန်မာနိုင်ငံ ပုဂံ၊ နီပေါနိုင်ငံ လုမ္ဗိနီ၊ အိန္ဒိယနိုင်ငံ ဂယာနဲ့ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓမြတ်စွယ်တော်ကနေ ရွှေတိဂုံဘုရားကို ဘုရားဖူးခရီးစဉ်တစ်ခု ကျွန်တော်တို့ စီစဉ်နေပါတယ်။ လာမယ့် မေလကျရင် လုမ္ဗိနီမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု ဖွင့်လှစ်မယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ဖွားမြင်တော်မူရာ လုမ္ဗိနီကို သွားရောက်လည်ပတ်ဖို့ မြန်မာဘုရားဖူးတွေအတွက် ပိုပြီး လွယ်ကူလာပါလိမ့်မယ်။

အောက်တိုဘာလမှာစတင်မယ့် အန်ကောဝပ်-ပုဂံ တိုက်ရိုက်လေကြောင်းခရီးစဉ်ကတစ်ဆင့် လုမ္ဗိနီကို ခရီးစဉ်တစ်ခု မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောကြားသည်။

မြန်မာနှင့် နီပေါနိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားကဏ္ဍမြှင့်တင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး နီပေါနိုင်ငံက တိုင်းပြည်အတွင်းရှိ ခရီးသွားနယ်မြေများကို မိတ်ဆက်ပေးရန် “နီပေါခရီးသွားနှစ် ၂၀၂၀” စီမံချက်ကို ကြေညာခဲ့သည်။ နီပေါနိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်ရန် စိတ်ဝင်စားဖွယ်ရာ နေရာများစွာရှိပြီး လုမ္ဗိနီမှာ မြန်မာဘုရားဖူးများစွာ သွားရောက်လည်ပတ်သည့် နေရာတစ်ခု ဖြစ်သည်။

နီပေါနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများ၊ ဗုဒ္ဓဘာသာဝင်ဘုရားဖူးများအတွက် လုမ္ဗိနီတွင် “သိဒ္ဓတ္ထဂေါတမ” အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ကိုးကား-သည်ဖနောင်ပင်ပို့စ်၊ ဘာသာပြန်-ကျော်ထိုက်စိုး