အန်ကယ်ပညာ

" ဖေဖေ အခုလိုလုပ်တော့ စာအုပ်တွေပျက်စီးကုန်မှာ ပေါ့"ဟု သမီးထွေးက ဆိုသည်။ "Book Mark တစ်ခုသွား ယူပြီး ဖေဖေ့စာအုပ်မှာ မှတ်ထားပေးလိုက်ပါ"ဟု သမီးကြီးက သမီးထွေးကို ပြောနေသည်။ "ဖေဖေက စာအုပ်ကိုင်တာ အကြမ်းစားကြီး"ဟု သမီးလတ်က ခေတ်စကားနှင့် ပြောပြန်သည်။

ဖတ်လက်စစာအုပ်ကို စာကြည့်စားပွဲပေါ်တွင် ဖွင့်လျက်သား မှောက်တင်ထားသည်ကို တွေ့ရသဖြင့် ညီအစ်မသုံးယောက်က ကျွန်တော့်ကို ဩဘာပေးကြ ခြင်းဖြစ်သည်။ သမီးထွေးက ကျွန်တော်မှောက်လျက် ချထားသည့်စာမျက်နှာတွင် Book Mark တစ်ခုဖြင့် ညှပ်၍ စာအုပ်ကို ပိတ်ပေးထားသည်။ ။

ကျွန်တော့်တွင် ထိုအကျင့်မျိုးမရှိ။ စာအုပ်တစ်အုပ်ကိုဖတ်စဉ် စာမျက်နှာနံပါတ်ကို စိတ်ဖြင့်မှတ်သည်လည်း ရှိသည်။ ထိုသို့မဟုတ်ပါက စာအုပ်ပါ အကြောင်းအရာ စုဖွဲ့မှုအရ အခန်းတစ်ခု၏ အဆုံးဟုမှတ်လိုက်သည်လည်း ရှိသည်။ အိပ်ရာပေါ်တွင် ဖတ်ရင်းအိပ်ပျော်သွားပါက ဆက်ဖတ်သည့်အချိန်တွင် ဖတ်ပြီးဖြစ်သည့် စာမျက်နှာများကို အကြမ်းဖျင်းပြန်ဖတ်ပြီး ဆက်စပ်ရသည်လည်း ရှိသည်။

ဖတ်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်နားရပါမူကား စာအုပ်ကို အဆင်ပြေရာနေရာတွင် ဤသို့မှောက်လျက် ချထားလိုက်သည်သာဖြစ်၏။ စာမျက်နှာမှတ်သည့် ကတ်ထူပြားလေးကို သုံးလေ့မရှိ။ သို့ဖြစ်၍ ကျွန်တော်ဖတ်ပြီးသည့်စာအုပ်များသည် ပွရောင်းရောင်းဖြစ်နေလေ့ရှိသည်။ စာအုပ်မျက်နှာဖုံး အဖျားလေးများ ကော့လန်နေတတ်သည်။ ဤမျှကိုပင် သမီးများက စာအုပ်ပျက်စီးသည်ဟုဆိုကာ လက်မခံချင်ကြ။

အမှန်အားဖြင့် ကျွန်တော်သည်လည်း စာအုပ်ချစ်သူတစ်ဦးဖြစ်ပါသည်။ စာအုပ်တစ်အုပ် ပျက်စီးသွားမည်ကို စိုးရိမ်တတ်ပါသည်။

စာရွက်များကို ကျိုးကြေပျက်စီးစေသည့် စာရွက်ထိပ်ထောင့်ကို ခေါက်၍သော်လည်းကောင်း၊ စာရွက် တင်ရွက်လုံးကို ဒေါင်လိုက်ခေါက်၍သော်လည်းကောင်း စာမျက်နှာမှတ်ခြင်း မလုပ်ဖြစ်အောင် သတိထားရပါ သည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ စာမျက်နှာမှတ်သည့် အလေ့အကျင့်သည် ငယ်စဉ်ကပင် အရိုးစွဲလာ သောကြောင့် ဖြစ်ပါသည်။ အလွန်လွယ်သောနည်းဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ထိုအရိုးစွဲ အကျင့်ကိုဖျောက်ဖျက်ပြီး အထက်တွင်ဖော်ပြခဲ့သည့် စာမျက်နှာမှတ်နည်းများကို ပြောင်းလဲကျင့်သုံးလာသည် မှာ ကြာခဲ့ပါပြီ။ စာမျက်နှာမှတ်သည့်ကတ်ထူပြားလေးကိုကား မသုံးဖြစ်ခဲ့ပေ။

သမီးများက ထိုအကျင့်ကို စောစီးစွာရကြ၍ ဝမ်းမြောက်မိပါသည်။ ထိုအကျင့်ကြောင့်ဖြစ်မည် ထင်ပါသည်။ သမီးများဖတ်ပြီး၍ ကျွန်တော့်ထံပို့လိုက်သည့် စာအုပ်တိုင်းသည် ပကတိအသစ်အတိုင်းပင် ထင်ရပါသည်။ ဤစကားအတွက် ရှင်းလင်းချက်လိုမည် ထင်ပါသည်။

ကျွန်တော်၏အလုပ်အကိုင်သည် နေပြည်တော်တွင် ဖြစ်သည်။ သမီးများက ရန်ကုန်တွင် ကျောင်းတက်ကြသည်။ ဇနီးသည်က ကျွန်တော့်ထံနှင့် သမီးများထံ ကူးချည်သန်းချည် ဖြစ်သည်။ သမီးများက သူတို့ဖတ်ချင်သည့်စာအုပ်များကိုဝယ်ပြီး ညီအစ်မသုံးယောက်အလှည့်နှင့် ဖတ်ကြသည်။ သူတို့ဖတ်ပြီးသည့်စာအုပ်များကို ဇနီးသည်က ကျွန်တော့် ထံသယ်လာပေးသည်။ အသစ်အတိုင်းထင်ရသည်ဟု ဆိုခဲ့သောစာအုပ်များသည် ထိုစာအုပ်များကိုဆိုလိုခြင်း ဖြစ်ပါသည်။

 ယခုလို သမီးများအားလုံးကျောင်းပိတ်ရက်ရှည်ရသည့်အခါများတွင် မိသားစုအားလုံးနေပြည်တော်တွင် ဆုံကြ သည်။ ခရီးရှည်သွားကြသည်။ ယခုနှစ်တွင် ခရီးရှည်သွားရန် အကြောင်းမတိုက်ဆိုင်သဖြင့် အိမ်၌ပင် စာဖတ်ရင်း၊ ဆိုရှယ် မီဒီယာသုံးရင်း၊ စားချင်သည်များကို ချက်ပြုတ်စားသောက်ရင်း စကားပြောကြရင်းဖြင့် သူတို့၏ကျောင်းပိတ်ရက်တို့ကို ကုန်လွန်စေလျက်ရှိကြသည်။

ဤသို့ နေကြရင်းဖြင့် ကျွန်တော်စာအုပ် အကိုင်ကြမ်းသည့်ကိစ္စနှင့်ပတ်သက်၍ သမီးများ၏ လက်တွေ့ပြုပြင်ပေးခြင်းကို ခံနေရခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ထိုကိစ္စနှင့် လုံးလုံးလျားလျားသက်ဆိုင်သည်ဟု မဆိုသာသော်လည်း တစ်ချိန်က စာအုပ်အငှားဆိုင်ယဉ်ကျေးမှုလေးကို ပြန်ပြောင်းပြောပြဖြစ်ခဲ့ပါသည်။

“ဖေဖေတို့ငယ်ငယ်က စာဖတ်ချင်ရင်သမီးတို့လို စာအုပ်ဝယ်ဖတ်စရရာမလိုဘူး၊ စာအုပ်အငှားဆိုင်မှာ ဖတ် လို့ရတယ်၊ စာအုပ်ငှားခက ၂၅ပြား၊ ပြား ၅၀ ကနေ ဈေးအကြီး ဆုံးမှ နှစ်ကျပ်ပဲ ပေးရတာ။

ဈေးနှုန်းကို စိတ်ဝင်စားကြသည်လား၊ စာအုပ်အငှား ဆိုင်ဆိုသည်ကို စိတ်ကူးနှင့်ပုံဖော်လို့ မရကြ၍လားတော့ မသိပေ။ ကျွန်တော်ပြောသည့် အကြောင်းအရာကို စိတ်ဝင်စားကြဟန်တွေ့ရ၍ အားရှိသွားသည်ကား သေချာပေသည်။

"အဲဒီတုန်းက စာအုပ်အငှားဆိုင်ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုပဲ၊ ဆိုင်ခန်းလေးတစ်ခန်းဖွင့်၊ အဆိုင် ဆိုင်းဘုတ်လေးချိတ်ပြီး လစဉ်ထွက်တဲ့ သုတရသစာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကိုဝယ်ပြီး လာငှားတဲ့သူတွေ ရွေးရလွယ်အောင် သူ့အမျိုးအစားနဲ့သူ အကန့်လိုက်တင်ထားပေးတာ၊ ဝတ္ထုဖတ်ချင်တဲ့သူက ဝတ္ထုအကန့်မှာ ရှာရုံပဲ။

ငှားဖတ်ရတာဖြစ်လို့ ကိုယ့်ထက်ဦးသွားတဲ့သူရှိရင် ကိုယ်လိုချင်တဲ့စာအုပ်ကို ချက်ချင်းရချင်မှရမယ်၊ ဒါလည်း ပူစရာမလိုဘူး၊ အငှားဆိုင်ရှင်ကို အဲဒီစာအုပ်ပြန်လာအပ်ရင် ချန်ထားပေးပါလို့ မှာထားခဲ့ရင် နောက်တစ်ခါဆို ငှားလို့ရပြီ၊ ငှားပေးတဲ့ အချိန်ကာလကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် မတူကြဘူး၊ ငါးရက်တစ်ပတ် အဲဒီလိုကွာကြတယ်။ အဲဒီရက် ထက်ကျော်ရင်တော့ သတ်မှတ်တဲ့ရက်လွန်ကြေး ထပ်ပေးရတယ်။

ကိုယ့်လက်ထဲမှာ စာအုပ်ပျောက်သွားတာတို့ ပျက်စီးသွားတာတို့ဖြစ်ရင် စာအုပ်တန်ဖိုးလျော်ရတယ်။ စာအုပ် ငှားတဲ့ရက်၊ ပြန်အပ်ရမယ့်ရက် စာအုပ်ပျောက်တာ၊ ပျက်တာ တို့အတွက် အလျော်ပေးရမယ်ဆိုတာတွေက ကိုယ်ငှားတဲ့ စာအုပ်မှာ မှတ်ထားရေးထားပေးပြီးသား၊ ဆိုင်နဲ့အငြင်းပွားလို့မရဘူး။

ပျောက်တာ၊ ပျက်တာ၊ ရက်ကျော်တာကလည်း ဖြစ်နေကျပဲ။ စာအုပ်တစ်အုပ်ငှားလိုက်ရင် ပြန်အပ်ရမယ့် ရက် မပြည့်မချင်း သူငယ်ချင်းတွေလက်ထဲ လည်နေအောင်ဖတ်ကြတာ၊ ကိုယ်ပိုင်စာအုပ်လည်းမဟုတ်တော့ ရိုရိုသေသေမကိုင်ကြတဲ့အပြင် မပြီးသေးလို့ စာမျက်နှာမှတ်ရင်လည်း ရောက်တဲ့စာမျက်နှာက စာရွက်ကို ကြုံသလို ခေါက်မှတ်လိုက်တာပဲ။

ကိုယ်ဖတ်နေတုန်း ကြောက်ရတဲ့တစ်ယောက်ကို ပေးဖတ်ရတာမျိုးဆိုလည်း အဲဒီလိုပဲ စာရွက်ခေါက် မှတ်ပြီး ပေးလိုက်ရတာ၊ အဲဒီလိုနဲ့ပဲ စာမျက်နှာမှတ်ရင် စာရွက်ခေါက်တဲ့အကျင့်က ပါသွားရော။ နောက်ပြီး စာအုပ် ငှားဖတ်တာကို အချို့မိဘတွေက မကြိုက်ကြဘူး။ ဒီတော့ ခိုးဖတ်ဝှက်ဖတ်နဲ့ အဝှက်လွန်ပြီး ပျောက်ကြပြန်ရော။ လက်သည်မပေါ်တော့ ငှားတဲ့သူလျော်ပေါ့။ ပျော်စရာကြီး။

စာအုပ်ပြန်အပ်ဖို့ ပျင်းနေတာတို့၊ သူငယ်ချင်း တစ်ယောက်ယောက် ဖတ်လို့မပြီးသေးတာတို့ဆိုရင်လည်း သတ်မှတ်တဲ့ရက် ပြန်မအပ်နိုင်ပြန်ဘူး။ အချို့ကျတော့ စာအုပ်ဆိုင်သွားဖို့မပျင်းကြဘူး၊ ဆိုင်ရှင်နဲ့ တွေ့ချင်တာ၊ ဆိုင်ရှင်နဲ့တွေ့တော့လည်း ကမ္ဘာမှာ ပုံမနှိပ်ရသေးတဲ့ ဟိုစာအုပ်ရှိသလား ဒီစာအုပ်ရှိသလားမေးရင်းနဲ့ အချိန် ကုန်အောင်လုပ်ကြတာ။

စာအုပ်ဆိုင်ရှင်လို့သာ အလွယ်ပြောလိုက်တာ၊ ပိုင်ရှင်ဟုတ်၊ မဟုတ်တော့မသိဘူး၊ ဆိုင်မှာ အမြဲထိုင်ပြီး စာအုပ်ပေးတဲ့သူကိုပြောတာ အပျိုအရွယ် မိန်းကလေး တွေများတယ်။ အလေးအပင်တွေ မရ ၊ရွှေ့ရ ၊ ချိန်ရ တွယ်ရတဲ့ အလုပ်လည်းမဟုတ်တော့ ဆိုင်ဖွင့်ချိန်ကနေ ဝိတ်ချိန်အထိ နှုတ်ခမ်းနီပါးနီဆိုး၊ ဝတ်ကောင်း စားလှတွေနဲ့ ကြော့ကြော့လေးဆိုင်ထိုင်ကြတာ။

ဒါကြောင့်ပဲဖြစ်မယ်။ စောစောတုန်းကပြောသလို ကမ္ဘာမှာမရှိသေးတဲ့စာအုပ်ကိုရှာ၊ တွေ့ကရာ စာအုပ်ငှားသွား၊ ရက်မပြည့်ခင်ပြန်အပ်နဲ့ ပြန်အပ်တဲ့အချိန် စာအုပ်ကြားမှာ ရည်းစားစာလေးတောင် ထင်သာမြင်သာ ညှပ်ထည့်ပေးလိုက်သေးတာ၊ ငှားပေးတဲ့သူကလည်း ခပ်စွာစွာ အလိုကလည်းမတူပြန်ဆိုရင်တော့ စကားတွေပြောကြရ၊ အဲ အလိုတူသူဆိုရင်တော့ စွာသော မစွာသော ဘာသံမှ မကြားလိုက်ရပါဘူး "။

"ဟားဟား၊ ဖေဖေလည်း အဲဒီလိုပေးဖူးတယ် ထင်တယ်"ဟု သမီးငယ်က အရွှန်းဖောက်လာသည်။

သမီးငယ်၏ ထင်မြင်ချက်အတွက် ဟုတ်သည်။ မဟုတ်သည်ကို ကျွန်တော်ဝန်မခံမိပါ။ စာအုပ်များ

ရေရှည်ခိုင်ခံ့ရန်အတွက် စာဖတ်သည့်အခါတိုင်း စာမျက်နှာ မှတ်သည့် ကတ်ထူပြားလေး အသုံးပြုရန်ကိုသာ စဉ်စား နေမိပါသည်။ ။

ကြေးမုံ