ရန်ကုန် အောက်တိုဘာ ၂

 

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဝင်နှင့် အင်းစိန်မြို့နယ်ရှိ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများ တွေ့ဆုံပွဲနှင့် စာအုပ်ပေးအပ်ပွဲကို ယမန်နေ့က အင်းစိန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေး

တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် (ခရိုင်တာဝန်ခံ) ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က အင်းစိန်၊ မင်္ဂလာဒုံ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးခရိုင်များရှိ ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာမဖတ်သူ ပပျောက်ရေး၊ ကလေးစာဖတ်ခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြား ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ခရိုင်အတွင်းရှိ မြို့နယ်များ၊ ကျောင်းများတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေး၍ တက်ရောက်လာသော ရပ်ကွက်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီများနှင့် စာကြည့်တိုက်မှူးများအား တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ပေးအပ်သောစာအုပ်များကို ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်ဦး