မောင်ဖေလှိုင်
 

မိမိတို့ကျောင်းသားအရွယ်က ဆရာမောင်သုတ (ဗိုလ်မှူးဘသောင်း)၏ “မြန်မာစာမြှင့်ချင်လွန်းလို့” ခေါင်းစဉ်ဖြင့် ဆောင်းပါးများ အဆက်မပြတ်ဖတ်ရှုခဲ့ရဖူး ပါသည်။ ဆရာမောင်သုတက မြဝတီမဂ္ဂဇင်း၌ နှစ်အတန် ကြာရေးသားခဲ့သည်ကို အမှတ်ရမိနေခဲ့ပါ၏။


မျက်မှောက်ကာလတွင် စာနယ်ဇင်းအချို့၌ မြန်မာစာနှင့်ပတ်သက်၍ ဂရုမပြုသော ဝါကျ၊ သတ်ပုံ၊ ရေးထုံးများကို ဖော်ပြလာသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ဖတ်ရှုနေရပါသည်။ ပို၍ဆိုးသည်မှာ ဖေ့စ်ဘွတ် ၌ မြန်မာစာကို တမင်ဖျက်၍ ရေးသားမှုများလာသည်ကို သတိပြုမိလာခဲ့ပါ၏။


မြန်မာစာရေးထုံး၊ ဝါကျတည်ဆောက်ပုံ၊ သတ်ပုံ သတ်ညွှန်းများကို ပေါ့ပေါ့ဆဆ ရေးသားဖော်ပြလာကြ သည်မှာ မြန်မာစာ၏ ရှေ့ရေးအတွက် ရင်မအေးဖွယ်ရာ ဖြစ်ပါသည်။ ကမ္ဘာသုံးအင်္ဂလိပ်စာကို လူအများ အလေး ပေး လေ့လာသင်ယူနေသောကာလ၌ မြန်မာစာ အပေါ်၌ စိတ်ဝင်စားမှု ကျဆင်းလာခဲ့သည်မှာ ဝမ်းနည်း ဖွယ်ရာဖြစ်ပါ၏။ မိမိတို့၏ အမျိုးသားစာပေကို ထိန်းသိမ်း ၍ နိုင်ငံတကာနှင့် အကျွမ်းတဝင်ဖြစ်လာစေရန်လည်း တစ်ပြိုင်တည်း အားထုတ်သင့်ကြပါသည်။


မကြာမီလပိုင်းကပင် ဆရာဒေါက်တာထွန်းတင့်၏ “စည်းနဲ့ ကမ်းနဲ့ မြန်မာစာ” အမည်ရှိ စာအုပ်ကို ဆရာ မောင်သိန်းလွင် စီစဉ်၍ ရွှေဟင်္သာစာပေမှ ထုတ်ဝေခဲ့ပါ ၏။ ဆရာသည် မြန်မာစာအဖွဲ့ ညွှန်ကြားရေးမှူး(ငြိမ်း) ဖြစ်၍ မြန်မာစာပေကို ထိန်းသိမ်းမြှင့်တင်နေသူတစ်ဦး လည်းဖြစ်သည်။ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကဲ့သို့ပင် မြန်မာစာနှင့်ပတ်သက်၍ သင်တန်းများပို့ချဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ဆောင်းပါးများရေးသားနေသူ လည်းဖြစ်ပါ၏။


မိမိနှင့် ဆရာဒေါက်တာထွန်းတင့်တို့သည် မိမိ နိုင်ငံပိုင် သတင်းစာလောကမှ မိမိအနားမယူမီက သတင်းစာသင်တန်းများ၌ ပို့ချကြရင်း ခင်မင်ရင်းနှီးကြပါ သည်။ ဆရာက ထိုစဉ်က မိမိတို့၏ နိုင်ငံပိုင်သတင်းစာ များ၌ သတ်ပုံများ အမှန်အတိုင်းဖော်ပြနိုင်ခြင်းကို မှတ်ချက်ပြု စကားဆိုခဲ့ပါသည်။


ဆရာ၏ ယခုစာအုပ်သည် မြန်မာစာထိန်းသိမ်း စောင့်ရှောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ တွန်းအား ပေးထားသည်ဟု ယူဆမိပါ၏။ ဆရာက မြဝတီမဂ္ဂဇင်း၌ ၎င်းရေးသားဖော်ပြခဲ့သော ဆောင်းပါးများကိုပင် ပြန်လည်စုစည်းထားခြင်း ဖြစ်ပါသည်။


ဒေါက်တာထွန်းတင့်က “စာရေးသူ၏ဆန္ဒ” ခေါင်းစဉ်ဖြင့် တစ်ချိန်က ဆရာမောင်သုတ၏ “မြန်မာစာ မြှင့်ချင်လွန်းလို့” စာစုများကို လေးစားဂုဏ်ပြုကာ “စည်းနဲ့ကမ်းနဲ့ မြန်မာစာ”ဟူ၍ ဆောင်းပါးခေါင်းစဉ်တပ် ရေးသားခဲ့ပါကြောင်း ပြဆိုထားပါ၏။


ဆရာက ‘‘ယခုဤဆောင်းပါးများကို စုစည်း၍ “စည်းနဲ့ကမ်းနဲ့ မြန်မာစာ”ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးစုစာအုပ် ဖြစ်ပေါ်လာရသည်မှာ အဓိက အားဖြင့် ဆရာကြီးဦးသိန်းလွင်(အင်္ဂလိပ်စာ)၏ ဆန္ဒနှင့် စေတနာကြောင့် ဖြစ်ပါသည်” ဟု ညွှန်းပြုဖော်ပြထား ပါသည်။


ဆရာကြီးဦးသိန်းလွင်ကလည်း “ဆရာကြီးနှင့် ကျွန်တော်တို့ အလွန်ရင်းနှီးသူများ တွေ့ဆုံကြလျှင် မြန်မာ စာပေအကြောင်းကို ဆွေးနွေးကြသည်က များပါသည်။ ဆရာကြီး ရှင်းလင်းပြောကြားသည့်အခါတိုင်း ဆရာကြီး၏ ပညာနှင့် သုတေသနပြုမှု၊ လေ့လာထားမှုတို့ကို ပေါ်လွင် ထင်ရှားစွာ တွေ့မြင်ရပါသည်” ဟူ၍ အမှာစာ၌ ဖော်ညွှန်း ထားပါသည်။


ဒေါက်တာထွန်းတင့်၏ ယခုစာအုပ်တွင် ဆောင်းပါး စာစု ၂၆ ပုဒ် စုစည်းထားပါ၏။ အရေးမှားနေကြသော ‘ပဲ နဲ့ဘဲ’ ကို ရှင်းပြထားပြီး သတိမမူဘဲ ရေးသားနေကြသော ‘ဖူး နဲ့ ဘူး’၊ ‘ဖက် နဲ့ ဘက်’ နှင့် ‘ခတ် နဲ့ ခပ်’ တို့ကို ချက်ကျကျ ဖွင့်ဆိုရှင်းပြထားသည်မှာ အလေးထား မှတ်သားစရာပင် ဖြစ်ပါသည်။


ဆရာက 'အနက်သိမှ အရေးမှန်မည်၊ အရေးမှန်မှ အနက်သိမည်' ခေါင်းစဉ်အောက်၌ အောက်ပါအတိုင်း ရေးသားထားပါ၏ -

‘‘အနက်သည် အဓိပ္ပာယ်၏ အခြေခံသဘောဖြစ်သည်။ အနက်သည် စကားတစ်ခွန်း၏ အရှိဖြစ်၍ အဓိပ္ပာယ်သည် ထိုစကားကို နားလည်ရသော အသိဖြစ်သည်။ ထို့ကြောင့် အရှိနှင့် အသိကို စနစ်တကျ နားလည်သဘောပေါက်ထား ရန်လိုအပ်သည်။ တစ်နည်းဆိုသော် အနက်နှင့်အဓိပ္ပာယ် တို့၏သဘောကို နားလည်ထားရန် လိုအပ်ပေသည်။
အရေးသည် စာလုံးပေါင်းသတ်ပုံ ဖြစ်သည်။ ထို့ကြောင့် အနက်သိမှ၊ အဓိပ္ပာယ်သိမှ စာလုံးပေါင်းမှန်မည်။ စာလုံးပေါင်းသတ်ပုံမှန်မှ အနက်ကိုသိမည်၊ အဓိပ္ပာယ်ကို သိမည်ဟု ဆိုလိုသည်။ အနက်နှင့် အဓိပ္ပာယ်သည် တစ်ထပ် တည်းဖြစ်သည်။ ခွဲ၍မရ။ စာလုံးပေါင်းသတ်ပုံနှင့် အနက် အဓိပ္ပာယ်သည်လည်း တစ်ထပ်တည်းဖြစ်သည်။ ခွဲ၍မရ။ စာလုံးပေါင်းသတ်ပုံ၊ အနက်၊ အဓိပ္ပာယ်သည်လည်း တစ်ထပ်တည်းဖြစ်သည်။ ခွဲ၍ မရဟု မှတ်ယူရန် ဖြစ်ပေ သည်။”
စာလုံးပေါင်းသတ်ပုံသည် စာနယ်ဇင်းများ၌ စာပြင် ဆရာဟူ၍ သတ်သတ်မှတ်မှတ် အလေးထားရန်လိုအပ် ကြောင်း ပြဆိုနေပါသည်။ မိမိ သတင်းစာလောက၌ စတင် ခြေချခဲ့သော ခဲစာလုံးစာစီခေတ်၌ ဓမ္မာစရိယအောင် စာပြင်ဆရာကြီးများဖြစ်ကြသော ဆရာ ဦးထိန်၊ ဦးကျော် ညွန့်၊ ဦးထွန်းလှိုင်နှင့် ဦးမြင့်သိန်း စသူတို့လက်အောက် တွင် ပညာခံယူခဲ့ရပါ၏။ အထူးသဖြင့် မြန်မာစာရေးထုံး၊ သတ်ပုံ၊ ဝါကျတည်ဆောက်ပုံများကို ယင်းဆရာကြီးများ၏ သွန်သင်ညွှန်ပြမှုကို လေ့လာမှတ်သားခံယူခဲ့ရာမှ နောင်အခါ သတင်းထောက်၊ အယ်ဒီတာတာဝန်များ လုပ်ဆောင်ရာ၌ များစွာ အထောက်အကူပြုခဲ့ပါသည်။


ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့က ရေးသားပြုစု ထုတ်ဝေသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပထမ အကြိမ်အဖြစ် ၁၉၈၆ ခုနှစ် ဇွန်လက ထွက်ရှိခဲ့ဖူးပါသည်။


မြန်မာစာအဖွဲ့သည် မြန်မာစာ စာလုံးပေါင်း သတ်ပုံကျမ်းကို စိစစ်မွမ်းမံခဲ့ရာတွင် စာလုံးပေါင်းသတ်ပုံ ပြင်ဆင်ခြင်း၊ အထောက်အမ ညှိနှိုင်းခြင်း၊ နုတ်ပယ်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ကို ချမှတ်လုပ်ဆောင်ခဲ့ကြောင်း သိရပေ သည်။ ထို့ပြင် မြန်မာစာလုံးပေါင်းများ ပြန်လည်စိစစ် မွမ်းမံရာတွင် 'တစ်' အရေး၊ 'တ' အရေးခွဲခြားသတ်မှတ်ရေး ကိစ္စကိုလည်း တစ်ပါတည်းပြေလည်စေရန် ကြိုးပမ်း အားထုတ်ခဲ့ကြကြောင်း တွေ့ရှိရပါ၏။


သာဓကပြဆိုခဲ့ရာတွင် တစ်ခု၊ တစ်ဆင့်၊ တစ်ယောက် စသည်ဖြင့် ဖော်ပြကာ အာဂုံပစ္စည်းဖြစ်သော 'တ' နှင့် ပတ်သက်၍ မူလအစက ဖော်ပြခဲ့ရာ၌ 'တကျက်ကျက်၊ တခမ်းတနား၊ တစောင်း၊ တရိပ်ရိပ်၊ တအံ့တဩ၊ မဟုတ်တရုတ်၊ အမှတ်တရ၊ အရောတဝင်' စသည်များကို သာဓကထားဖော်ပြခဲ့သည်ကို ဖတ်ရှု မှတ်သားခဲ့ရပါ၏။
မြန်မာစာနှင့် ပတ်သက်၍ ဆရာသန်းဝင်းလှိုင်၏ ''နေ့စဉ်သုံး မြန်မာဝေါဟာရ အဘိဓာန်'' စာအုပ်သည် လက်ကိုင်ပြု ကိုးကားလေ့လာသင့်ကြောင်း ဖော်ပြလိုပါ သည်။ စာရေးသူ ဆရာသန်းဝင်းလှိုင်က ''ဤအဘိဓာန် သည် ကဝိလက္ခဏာသတ်ပုံသံပေါက်အတိုင်း အနက် မသန်၊ အဘိဓာန် မကျန်ရအောင် ရှာဖွေလိုသူများနှင့် ရုတ်တရက် အနက်ဖော်ရခက်သော ဝေါဟာရများကို အချိန်တိုအတွင်း အလွယ်တကူရှာဖွေ၍ အနက် အဓိပ္ပာယ်သိရှိနိုင်စေရန် စုစည်းထားသော အဘိဓာန်ဖြစ် ကြောင်း'' အမှာစကား ပြဆိုထားပါသည်။


အထက်ဖော်ပြပါမြန်မာစာအဖွဲ့၏ “မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်း”၊ ဒေါက်တာထွန်းတင့်၏ “စည်းနဲ့ ကမ်းနဲ့ မြန်မာစာ”နှင့် ဆရာသန်းဝင်းလှိုင်၏ “အနက် ဖော်ရခက်သော နေ့စဉ်သုံးမြန်မာဝေါဟာရများအဘိဓာန်” စာအုပ်များသည် အယ်ဒီတာ၊ စာပြင်ဆရာများ သာမက မြန်မာစာနှင့်မကင်းကြသူတိုင်း လက်စွဲ၊ လက်ကိုင်ပြု ထားကြရမည့် ကျမ်းစာအုပ်များအဖြစ် ညွှန်းပြုလိုပါ၏။


အထူးပြု၍ ရေးသားလိုသည်မှာ စာနယ်ဇင်းများရှိ စာပြင်ဆရာများ၏ အရည်အချင်း၊ ဝမ်းစာပြည့်မှု၊ စာပေ ဖတ်ရှုမှု စွမ်းအားများသည် သက်ဆိုင်ရာစာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာအဝဝအတွက် ဂုဏ်ဒြပ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေရာ မိမိတို့၏ စာနယ်ဇင်းများဂုဏ်သိက္ခာ၊ မိမိ၏အရည်အသွေးနှင့် မြန်မာစာကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်သော တာဝန်ကိုလည်း ထမ်းဆောင်ကြရန် အကြံပြုတိုက်တွန်းလိုပါသည်။
မိမိ၏စာပြင်ဆရာဘဝ၌ ဆရာသမားနှင့် စာဖတ် အားတို့ကို အခြေပြု၍ သတ်ပုံ၊ ရေးထုံး စသည်တို့ကို လေ့လာသိမှတ်စေ့ငုခဲ့ပေရာ အခြားသူများအတွက်လည်း မျှဝေနိုင်ခဲ့ပါ၏။


သို့ဖြစ်၍ မြန်မာတိုင်းရင်းသားများ၏ မြန်မာစာ ရေးထုံး၊ သတ်ပုံများကို မှန်ကန်စွာ သိမှတ်ဖော်ပြနိုင်ရေး အတွက် မြန်မာစာကို မြှင့်တင်ထိန်းသိမ်းစောင့်ရှောက် ကြရန် အကြံပြု တိုက်တွန်းရေးသားလိုက်ရပါကြောင်း။


စာကိုး - ဒေါက်တာထွန်းတင့်၏ “စည်းနဲ့ကမ်းနဲ့ မြန်မာစာ”


- သန်းဝင်းလှိုင်၏ “အနက်ဖော်ရခက်သော နေ့စဉ်သုံး မြန်မာဝေါဟာရ အဘိဓာန်”


- မြန်မာစာအဖွဲ့၏ “မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း”

 

့့‌ေ