စာပေချစ်သူများအတွက် စာအုပ်စင်

စာပေချစ်သူများအတွက် “ရခိုင်သမိုင်းမိတ်ဆက်” နှင့် “စိတ်ချမ်းသာပျော်ရွှင်သော နိုင်ငံတော်” ဆိုသည့် စာအုပ်နှစ်အုပ်ကို Myanmar Digital News မှ ဖော်ပြပေးလိုက်ပါသည်။

 

ရခိုင်သမိုင်းမိတ်ဆက်

ဒေါက်တာအေးချမ်း (ရက္ခဝံသရက္ခိတ) ရေးသားသော ရခိုင်သမိုင်း မိတ်ဆက်စာအုပ် ထွက်ရှိလာသည်။ ရခိုင်သမိုင်း မိတ်ဆက်စာအုပ်သည် ရာဇဝင်အမျိုးအစားမဟုတ်ဘဲ သမိုင်းသုတေသနအမြင်ဖြင့် ပညာရပ်ရှုထောင့်မှ ရခိုင်သမိုင်းကို တင်ပြထား သောစာအုပ်တစ်အုပ် ဖြစ်သည်။

 

ရခိုင်ရာဇဝင်ကျမ်းများ၊ ရခိုင်သမိုင်းမိတ်ဆက်၊ ရခိုင်ရက်စဉ်သမိုင်း၊ အစရှိသည်ဖြင့် ခေါင်းစဉ်ခွဲကာ ဖော်ပြထားသည်။

 

မြန်မာစာပေနယ်ပယ်တွင် ရခိုင်သမိုင်းကို တွင်တွင်ကျယ်ကျယ် သိရှိလာစေနိုင်မည့် စာအုပ်လည်း ဖြစ်သည်။ သမိုင်းသုတေသနအမြင်ဖြင့် ရေးသားကာ အချက်အလက် ပြည့်ပြည့်စုံစုံဖြင့် ရှေးအစဉ်အဆက်က ရခိုင်မင်းဆက်များ၊ ရခိုင် ပိုင်နက်နှင့် သမိုင်းကြောင်းများကို သုတ၊ ရသစုံလင်စွာဖြင့် အကျယ်တဝင့် ဖော်ပြထားသော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ ပထမအကြိမ်ထုတ်ဝေ ခြင်းဖြစ်ကာ၊ ဉာဏ်အလင်းစာပေမှ ဖြန့်ချိထားသည်။

 

စိတ်ချမ်းသာပျော်ရွှင်သော နိုင်ငံတော်

မျိုးမြတ်သူ၊ တက်စိုးတို့၏ Mandalay FM Talk မှ ဆွေးနွေးချက်များကို စိတ်ချမ်းသာပျော်ရွှင်သော နိုင်ငံတော်အမည်ဖြင့် စာအုပ်အဖြစ် ထုတ်ဝေထားသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ယှဉ်ပြိုင်မှု ပြင်းထန်နေသောခေတ်တွင် ကိုယ့်ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အတွေးအခေါ် ထွန်းကားစေရန် ရည်ရွယ်ထားသည်။ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများ၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်း၊ အနာဂတ်လူငယ်တို့အတွက် ပညာရေးကဏ္ဍ၊ မိမိစိတ်ခံစားမှုများကို စီမံခန့်ခွဲခြင်း၊ ဘာသာစကား၊ ပြဇာတ်နှင့်ပြဇာတ်စာပေ၊ စာကြည့်တိုက်နှင့် စာပေဖွံ့ဖြိုးရေး အစရှိသည့် အကြောင်းအရာများမှအစ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအထိ ကဏ္ဍများခွဲကာ ရှင်းလင်းစွာဖော်ပြထားသည်။

 

ပညာရေး၊ ကျန်းမာရေး၊ စာပေ အစရှိသည်တို့ကို ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်သည်။ အုပ်ရေ ၅၀ဝ ခန့် ထုတ်ဝေထားခြင်းဖြစ်ကာ တန်ဖိုးကျပ် ၁၅၀ဝ ကျပ်ဖြင့် ဝယ်ယူဖတ်ရှု နိုင်သည်။ ဉာဏ်အလင်းစာပေမှ ဖြန့်ချိထားကြောင်း သိရသည်။

 

မြန်မာ့အလင်း