မောင်မောင်ကျော်

ဆရာကြီး ဒီးဒုတ်ဦးဘချိုကို သူ့ခေတ်သူ့အခါက လူအများက စာရေးဆရာ သတင်းစာဆရာဟု လူသိများကြ၏။ ဗိုလ်ချုပ်အောင်ဆန်းကို ထိုခေတ် ထိုအခါက နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ အမျိုးသားခေါင်းဆောင်ဟု ပြည်သူအားလုံးက သတ်မှတ်ထားကြ၏။ တကယ်တမ်းတွင် ဆရာကြီး ဒီးဒုတ်ဦးဘချိုမှာ စာရေးဆရာ သတင်းစာဆရာလည်းဖြစ်၊ နိုင်ငံရေးသမားလည်းဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးသမား၊ တော်လှန်ရေးသမားအဖြစ် ပြည်သူများက သိကြသော်လည်း စာရေးဆရာအဖြစ် သိသူနည်းပါးလှ၏။ အမှန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း စာဆိုစစ်သည်။ စာဆိုနိုင်ငံရေးသမားဖြစ်၏။
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိနေသည့်အလား ယနေ့ ထက်တိုင် မမေ့မပျောက်နိုင်သေးသည့် အကြောင်းရင်း များတွင် ဗိုလ်ချုပ်၏ ထူးခြားသော ဝိသေသလက္ခဏာ များနှင့် သူမတူအောင် ထူးထူးခြားခြား စွမ်းဆောင်နိုင်မှုများကြောင့်ဖြစ်သည်။ ထိုသို့ ဂုဏ်ဒြပ်များရှိပါသော် လည်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပြန်လျှင် တိမ်မြုပ်မှေးမှိန် သွားနိုင်သည်။ ယင်းသို့ မမေ့ကောင်း၊ မပျောက်ကောင်း အောင် ရေးသားမှတ်တမ်းတင်ခဲ့ကြသည့် ဗိုလ်ချုပ်စာ၊ ဗိုလ်ချုပ်မှတ်တမ်းများ မြန်မာ့သမိုင်းတွင် မော်ကွန်းတင် ကမ္ပည်းထိုးထားရစ်သည့်အလား ရှိနေသည်။ အထူး သဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး သားခဲ့သည့် စာပေမှတ်တမ်းများသည် ဂန္ထဝင်မြောက် စာရေးဆရာ အဖြစ်လည်းကောင်း၊ သမိုင်းကမ္ပည်း မှတ်တမ်းအဖြစ် လည်းကောင်း မော်ကွန်းတင်ထားဆဲဖြစ်သည်။
စာရေးဆရာလုပ်ချင်တယ်
ဗိုလ်ချုပ်သည် တိုင်းပြည်နှင့်လူမျိုး ကျွန်ဘဝမှ လွတ်မြောက်ရေး၊ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက် ရှိရေးအတွက် စစ်ရေး၊ နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင် ကာ ကြိုးပမ်းလှုပ်ရှားခဲ့သည်မှန်သော်လည်း ဗိုလ်ချုပ်၏ စိတ်ရင်းတွင် အေးအေးလူလူ လွတ်လွတ်လပ်လပ် စာရေးသားလိုသောဆန္ဒ ကိန်းအောင်နေသည်။ ၁၉၄၇ ခုနှစ် ဧပြီလအတွင်း ပြင်ဦးလွင် (ယခင်မေမြို့)သို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိခဲ့စဉ်က အပါးတော်မြဲ ဗိုလ်ထွန်းလှအား “ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် လူကောင်းတွေကို လွှဲပေးပြီး ငါကတော့ အနားယူရင်း စာရေး ဆရာလုပ်ချင်တယ်။ ငါက တက္ကသိုလ်ကျောင်းသား ဘဝကတည်းက စာရေးဆရာ ဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့တယ်” ဟု ဆန္ဒအမှန်ကို ပြောကြားခဲ့သည်။
၁၉၄၇ ခုနှစ် မေလ ၃၀ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ရန်ကုန်မြို့ ကန်တော်ကြီးအနီး (ယခင်ပန်းချီ၊ ပန်းပုကျောင်းနေရာ)ရှိ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ် ဦးဘချို၏ ရုံးခန်းတွင်ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေး ရတဲ့အချိန်အထိတော့ ကျုပ် နိုင်ငံရေးကို လုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာဆရာများ အစည်းအဝေး နိဂုံးချုပ် မိန့်ခွန်းတွင်လည်း “မိမိသည် နိုင်ငံရေးကို အလွန်ငြီးငွေ့ နေပြီဖြစ်ရာ လွတ်လပ်ရေးရပြီးရင်တော့ စာအုပ်တွေရေး ပြီး လောကကြီးမှာ ပျော်ပျော်ကြီးနေတော့မယ်”ဟု ဗိုလ်ချုပ်က စာရေးဆရာဘဝကို နှစ်သက်မြတ်နိုးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ငံရေးကထွက်မယ်
ထို့အပြင် ဗိုလ်ချုပ်သည် ဆရာကြီး ဒီးဒုတ်ဦးဘချိုနှင့် သီးသန့်စကားပြောစဉ် “ကျွန်တော် နိုင်ငံရေးက ထွက်မှာ ပါဆရာ၊ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျွန်တော် ကျောင်းမှာနေတုံးက ပါဠိရော၊ မြန်မာစာပါ ယူခဲ့တယ်။ မြန်မာစာမှာ အမှတ်ကောင်းကောင်းရခဲ့တယ်။ ကျွန်တော် ကြိုးစားရင် distinction (ဂုဏ်ထူး) တောင်ရ မှာ။ ဒါပေမယ့် ဟိုတုန်းကတော့ အိုင်စီအက်စ်တို့၊ ဘာတို့ မှန်းနေတာမို့ အင်္ဂလိပ်စာကို ဖတ်တာပဲ။ ကျွန်တော်လည်း စာပေပညာကို ဝါသနာပါပါတယ်။ အရိုင်းသက်သက် မဟုတ်ပါဘူး”ဟု ပြောခဲ့သည်။ ဆက်လက်၍ “ကျွန်တော် တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ bio- graphy (အတ္ထုပ္ပတ္တိ) တွေလဲ လိုတယ်။ ဘာ့ကြောင့် မရေးကြလဲ မသိဘူး”ဟု ဗိုလ်ချုပ်က ဆရာကြီး ဒီးဒုတ် ဦးဘချိုကို ပြောပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီရက်ပိုင်းက ရန်ကုန်မြို့ အတွင်းဝန်ရုံး ပါလီမန်လွှတ်တော် အဆောက်အအုံတွင် ဒီးဒုတ်ဦးဘချို၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ စသည့် စာရေးဆရာများနှင့် တွေ့ဆုံစဉ် “တော်ပြီဗျာ ကျုပ်တော့ နိုင်ငံရေးက အနားယူပြီး စာလေးဘာလေး ထိုင်ရေးဦးမယ်။ ဒီမယ်ဗျာ ဆရာရဲ့ ကျွန်တော်လည်း အနုပညာသမားပါ ဗျာ”ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့သည်။ ဗိုလ်ချုပ် သည် တော်လှန်ရေးအဆင့်ဆင့် ကြိုးပမ်းမှုကာလတွင် တော်လှန်ရေးခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း ဟူ၍ တော်လှန်ရေး သက်သက်ကို ကြည့်ရုံဖြင့် မပြည့်စုံပါဟု မြင်တွေ့ရသည်။
စာနယ်ဇင်းများတွင်ရေးသား
ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ နိုင်ငံရေးသုခမိန်ကြီး၊ မြန်မာ့ တပ်မတော်၏ဖခင်ကြီးအဖြစ် သမိုင်းကြောင်းတစ်လျှောက် မှ ပြည်သူများက သိရှိထားကြပါသည်။ ဗိုလ်ချုပ် အောင်ဆန်းကို စာပေသမား၊ အနုပညာသမား၊ စာရေးဆရာ တစ်ယောက်ဟု အသိအမှတ်ပြုသူ အလွန်နည်းသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ကျောင်းသားဘဝမှ နိုင်ငံရေး ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သည်အထိ စာပေ ဆောင်းပါး များစွာတို့ကို ထိုခေတ် ထိုကာလက ထုတ်ဝေ ကြသော စာနယ်ဇင်းများတွင် ရေးသားခဲ့ပါသည်။
ဂန္ထလောကမဂ္ဂဇင်း၊ The World of Books၊ အိုးဝေ မဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ မျိုးညွန့်မဂ္ဂဇင်း၊ နဂါးနီစာစောင်၊ ဒဂုံမဂ္ဂဇင်း၊ မန္တလေးသူရိယမဂ္ဂဇင်း၊ ဗမာ့ခေတ်သတင်းစာနှင့် သံတော်ဆင့်သတင်းစာတို့တွင် ကလောင်နာမည်အမျိုးမျိုး ဖြင့် စာပေအမျိုးမျိုးတို့ကို ရေးသားခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေ မဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ၊ စစ်ကြိုခေတ် မြန်မာ လူမျိုးပိုင် နယူးဘားမား အင်္ဂလိပ်သတင်းစာတွင် အယ်ဒီတာ စသည်ဖြင့် သတင်းစာစာပေလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါး များစွာတို့ကို စာနယ်ဇင်းများတွင် ရေးသားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘဝမှ လွတ်လပ်ရေးကြီးပမ်းမှု ၁၀ နှစ်တာကာလအတွင်း စာပေ လက်ရာမျိုးစုံတို့ကို ရေးသားခဲ့သည်။ အတ္ထုပ္ပတ္တိစာပေ၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာစာပေ၊ ဘာသာရေး၊ လူမှုရေးနှင့် စာပေသဘောတရားဆိုင်ရာတို့ကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများသည် မြန်မာ နိုင်ငံ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေးသဘောထားနှင့် ဝိဝါဒ ကွဲပြားမှုများ၊ တိုင်းပြည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး တို့ကို ဦးစားပေး တိုက်တွန်းနှိုးဆော် ရေးသားခဲ့သည်။
တကယ်အစမ်းသပ်ခံနိုင်
ဗိုလ်ချုပ်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်စဉ် အချိန်က “ကိုအောင်ဆန်းရဲ့ ထူးခြားတဲ့ဂုဏ်ပုဒ်တွေကို ဒို့ဗမာ အစည်းအရုံးရောက်တော့ ပိုလို့မြင်လာရပါတယ်။ ဟိုအခါ တုံးက ကျောင်းသားအဖြစ်နဲ့ မြင်လာရတာကတော့ သူဟာ စာအရေးအသားမှာ အလွန်တော်တယ်။ ဗမာလိုရေးရေး၊ အင်္ဂလိပ်လိုရေးရေး စကားလုံးတိုင်းဟာ အင်မတန် ပြောင်မြောက်တယ်။ ဒို့ဗမာအစည်းအရုံးရောက်တဲ့အခါ ကျမှ တကယ့်ကို အစမ်းသပ်ခံနိုင်တဲ့ အရည်အချင်းကို သွားတွေ့ရတယ်”ဟု သခင်နုက ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းနှင့် စာပေစွမ်းပကားကို မှတ်ချက်ပြုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းတွင် ကလောင်အမည်အမျိုးမျိုး ရှိသည်ဟု သိရှိမှတ်သားရသည်။ ပဲခူးကဝေ၊ အညာသား လေး၊ မောင်အောင်ဆန်း-ဘီအေ၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းဟူသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းခဲ့သော လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း စာပေလက်ရာမျိုးစုံ တို့ကို ယနေ့ထက်တိုင် မြင်တွေ့ဖတ်ရှုနေရဆဲဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မှတ်သားဖွယ်ရာ မိန့်ခွန်းမျိုးစုံတို့မှာ တိုတောင်းလှသော အချိန်ကာလအတွင်း စွဲနစ်နေအောင် ကျန်ရစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ရေးသမျှ၊ ပြောသမျှ အကြောင်းအရာအားလုံးတို့မှာ သမိုင်း ဝင်၊ သမိုင်းတွင်၊ ဂန္ထဝင်တွင်အောင် ယနေ့ထက်တိုင် ကျန်ရစ်နေဆဲဖြစ်သည်။
အပြောကောင်း၊ အရေးကောင်း
ဗိုလ်ချုပ်သည် ပုထုဇဉ်လူသားတစ်ဦးဖြစ်ပြီး အသက် အရွယ်အားဖြင့်လည်း ငယ်ရွယ်သူဖြစ်ရကား သူ၏ဘဝ ခံစားချက်၊ သူ၏ပင်ကိုယ်ဗီဇ၊ သူ၏တစ်ကိုယ်ရေ သဘော အရ ဆန္ဒပြင်းပြနေသည့် ဝါသနာကို တွေ့ရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားလူငယ်ဘဝ ကတည်းက စာဖတ်ဝါသနာပါလာခဲ့သူဖြစ်ရာ ပြည်တွင်း၊ ပြည်ပစာပေများကို ထဲထဲဝင်ဝင် မနေမနား အပတ်တကုတ် ကြိုးစားလေ့လာ ဆည်းပူးခဲ့သဖြင့် အပြောကောင်း၊ အဟော ကောင်း၊ အရေးကောင်းသူဖြစ်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ် သည်။
ဗိုလ်ချုပ်သည် စာပေဝါသနာမျိုးစေ့ကို ငယ်စဉ် ကတည်းက စိုက်ထူမြှုပ်နှံခဲ့သူဖြစ်၍ စာပေနှင့်ပတ်သက် သောအလုပ်များကို လုပ်ဆောင်ရင်း တစ်ဖက်တွင်လည်း အမျိုးသားလွတ်မြောက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် တော်လှန်ရေး၊ နိုင်ငံရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ သို့သော် ဗိုလ်ချုပ် ဦးတည်ခဲ့သော နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ တိုင်းပြည်လွတ်မြောက်ရေး ကာလများပြီးလျှင် စာပေရေးသားခြင်းဖြင့် ဘဝကိုငြိမ်းချမ်း စွာ ရပ်တည်နေထိုင်မည်ဟူသော စိတ်ကူးသည်ကား လက်တွေ့ အကောင်အထည် ပေါ်မလာနိုင်တော့ပေ။
ဝါသနာစာပေလက်ရာ
ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု ၁၀ နှစ်တာကာလအတွင်း တိုင်းပြည်နှင့် လူမျိုးတာဝန်ကို နေ့မအား၊ ညမနား အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရင်း မအားလပ်သည့်ကြားမှ သူဝါသနာပါရာ စာပေလက်ရာ မျိုးစုံတို့ကို လက်လှမ်းမီသမျှ လေ့လာကြည့်မည်ဆိုလျှင် ၁၂၉၉ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့ထုတ် မန္တလေးသူရိယ အမျိုးသားနေ့ အထူးစာစောင်တွင် ကလောင်အမည် မောင်အောင်ဆန်းဖြင့် ‘‘ကျောင်းသား ဝတ္တရား” ဆောင်းပါး။ ၁၉၄၈-၄၉ အိုးဝေ မဂ္ဂဇင်း အတွဲ-၉ တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ ဆောင်းပါး။ ၁၉၃၈ ခုနှစ် မော်လမြိုင် ညီလာခံသဘင် မှတ်တမ်းမှ ရေးသူ - သခင်အောင်ဆန်း၏ ‘‘ညီလာခံ” ဆောင်းပါး။ ၁၉၃၈ ခုနှစ် ရန်ကုန်မြို့ နဂါးနီ စာအုပ်တိုက်မှ ထုတ်ဝေသော ရေးသူ-သခင်အောင်ဆန်း၏ ‘‘ကမ္ဘာစစ်နှင့် ဗမာ” ။
၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလ ဒဂုန်မဂ္ဂဇင်း အမှတ်- ၂၃၄ တွင် ဖော်ပြခဲ့သည့် ရေးသူ-သခင်အောင်ဆန်း၏ "နိုင်ငံရေးအမျိုးမျိုး" ဆောင်းပါး။ ၁၃၀၄ ခုနှစ် ပညာ စာစောင် ဒုတိယတွဲမှ ဗိုလ်ချုပ်အောင်ဆန်း၏ “သေနင်္ဂ ဗျူဟာ စစ်ပညာဟောပြောချက်”။ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ထုတ် ဗမာခေတ်သတင်းစာတွင် ဗိုလ်ချုပ် အောင်ဆန်း ရေးသားခဲ့သော “ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ”။ “ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ" တည်းဖြတ်သူ သခင်ကိုယ်တော်မှိုင်းက ရန်ကုန်မြို့ ရဲဘော်စာအုပ်တိုက်မှ ၁၉၅၁ ခုနှစ်တွင် ထုတ်ဝေသည်။ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော The Resistance Movement ကို တက္ကသိုလ်နေဝင်း(ဗိုလ်ထွန်းလှ)က ၁၉၅၅ ခုနှစ်တွင် ရန်ကုန်မြို့ ရှုမဝစာအုပ်တိုက်မှ “ဖက်ဆစ်တော်လှန်ရေး သမိုင်း”အဖြစ် ဘာသာပြန် ဖော်ပြခဲ့သည်။
စစ်ကြိုခေတ်က မျိုးညွန့်မဂ္ဂဇင်းတွင် သခင် အောင်ဆန်းရေးသော ‘‘လောကဝိဟာ” ဆောင်းပါးကို ၁၉၄၉ ခုနှစ် ဇန်နဝါရီလထုတ် သွေးသောက်မဂ္ဂဇင်း အမှတ်-၃၆ တွင် ပြန်လည်ဖော်ပြခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့သော Burma Challenge ကို မြစိမ်းက ‘‘ဘားမားချဲ့လင့်(ခ်ျ)"ဟု ဘာသာပြန်ပြီး ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ တသက်တာစာပေက ထုတ်ဝေခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မောင်မြဦးက ထပ်မံဘာသာပြန်ပြီး "မြန်မာ့ စိန်ခေါ်သံ" အမည်ဖြင့် ကလောင်ပျံစာပေက ထုတ်ဝေခဲ့သည်။ ယင်းနှစ်အုပ်ကို ပေါင်း၍ ၁၉၆၄ ခုနှစ် အာဇာနည်နေ့ အတွက် ယဉ်ကျေးမှုဌာနက ‘‘ဗိုလ်ချုပ်၏ ဗိုလ်ချုပ်”ဟူ၍ ထုတ်ဝေခဲ့သည်။
ဆန္ဒမပြည့်ဝခဲ့
ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ စုံလင်လှသည်။ လက်လှမ်းမီသမျှ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်လှမ်း မမီ၍ ကျန်ရှိနေသေးသော စာပေလက်ရာများလည်း ရှိနေဦး မည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ကြိုခေတ် တွင် စာပေလက်ရာများ၊ မှတ်တမ်းများကို အများဆုံး ရေးသား နိုင်ခဲ့သည်။ စစ်အတွင်းနှင့် စစ်ပြီးခေတ်တွင် တော်လှန်ရေးနှင့် လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှား နေရသောကြောင့် စာရေးကျဲသွားပြီး မိန့်ခွန်းများသာ အဆက်မပြတ်ပေါ်ထွက်ခဲ့သည်။ သို့သော် မှတ်တမ်း မှတ်စုရေးသောအကျင့်မှာ မပြတ်ပေ။ လွတ်လပ်ရေး ရရှိရန် လက်တစ်ကမ်းအလိုတွင် ဗိုလ်ချုပ်က စာရေး လိုသော၊ စာရေးဆရာဖြစ်လိုသော ဆန္ဒကို မကြာခဏ ပြောကြားခဲ့သည်။ သို့သော် ဆန္ဒမပြည့်ဝခဲ့ပါချေ။ မသမာသူလူတစ်စု၏လက်ချက်ဖြင့် ကျဆုံးခဲ့ရရှာသည်။
နိုင်ငံ့လွတ်လပ်ရေး ဗိသုကာကြီး၊ နိုင်ငံရေး သုခမိန် ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ ဂန္ထဝင်စာရေးဆရာကြီး မောင်အောင်ဆန်း၊ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် သူကြိုးပမ်း အားထုတ်ခဲ့သည် လွတ်လပ်ရေးပန်းတိုင်ကို ရောက်ရှိ ခဲ့ပြီဖြစ်သော်လည်း ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် စာရေးဆရာဘဝဖြင့် ရပ်တည် လိုသောဆန္ဒမှာ ပျောက်ကွယ်ခဲ့သည်။ မျှော်လင့်ချက် ပန်းတိုင်သို့ ရောက်လုရောက်ခါနီးတွင် လှေပြေးရင်း တက်ကျိုးခဲ့ရ၍ နှမျောတသ ယူကြုံးမရ ဖြစ်မိပါ သတည်း။ ။
ကိုးကားချက် - မြင့်ဆွေ (တက္ကသိုလ်များဗဟို စာကြည့်တိုက်)၏ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထု ပ္ပတ္တိ မော်ကွန်း စာပေများ။
- အောင်ကျော်ဆန်း၏ သမိုင်းမတွင် ဂန္ထဝင်မဟုတ် ကျွန်တော်နှင့် ဗိုလ်ချုပ်။
မြန်မာ့အလင်း