စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒများ၊ စီမံကိန်းများ စီမံဆောင်ရွက်နိုင်ရန် တိကျမှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်ကိန်းဂဏန်း စာရင်းဇယားများလိုအပ်

နေပြည်တော်၊ မေ ၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ ဒုတိယလက်ထောက်ဦးမှူးနှင့်အထက် အမှုထမ်း အရာထမ်းများအား ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ MCC ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ဆီထွက်သီးနှံ အထူးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒများ၊ စီမံကိန်းများ စီမံဆောင်ရွက်နိုင်ရန် တိကျမှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်ကိန်းဂဏန်း စာရင်းဇယားများလိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနများအနေဖြင့် မြေပြင်အမှန်စိုက်ဧက၊ သီးနှံအမျိုးအစားများ စာရင်းများကောက်ယူခြင်း၊ သီးနှံထွက်ရှိချိန် ရိတ်သိမ်းဧကနှင့် ထွက်ရှိမှုပမာဏ တိတိကျကျ ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာနည်းစနစ်များအတိုင်း စနစ်တကျ ကောက်ယူရန်ဖြစ်ကြောင်း၊ ရာသီဥတုနှင့် အခြေအနေအမျိုးမျိုးကြောင့် သီးနှံပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကျိုးကြောင်းခိုင်လုံစွာ တင်ပြရန်လိုအပ်ကြောင်း၊ မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကြောင့်နှင့်မျှ မိမိ၏စာရင်းဇယားလွဲချော်မှု မဖြစ်ရန်လိုကြောင်း၊ ထို့အတူ လယ်ယာမြေအသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီဖြစ်စေရေး ထိန်းကျောင်းကြပ်မတ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးများ၌ အများဆုံး ကြုံတွေ့နေရသည့် လယ်ယာမြေအပေါ် ကျူးလွန်ဆောင်ရွက်မှုများကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ ထုတ်ပြန်ထားသည့် SOP လုပ်ထုံး လုပ်နည်းနှင့်အညီ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း၊ ဌာနပိုင်မြေနှင့် အဆောက်အအုံများ ငှါးရမ်းလုပ်ကိုင်နေမှုများကိုလည်း တာဝန်ရှိ သူများက အခါအားလျော်စွာ စစ်ဆေးပြီး ငှါးရမ်းရေး သဘောတူညီချက် အတိုင်းအသုံးပြု ဆောင်ရွက်ရေး ထိန်းသိမ်းကြပ်မတ်ရန်နှင့် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် သိက္ခာနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။  

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားကြပြီး အမှုထမ်း အရာထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်