နေပြည်တော် စက်တင်ဘာ ၂၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၂၀၂၃ ဖြင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်း၌ ပါဝင်သည့် စွမ်းအင်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(မြန်မာ)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များ၊ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများမှ သင်တန်းသားများ တက်ရောက်ကြသည်။
ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန် လုပ်ငန်းကဏ္ဍရှိ စက်ရုံအလုပ်ရုံများတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ သက်သာစေပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ရန် ဖြစ်ကြောင်း၊ ယခု မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းများသည် မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး အဓိကအားဖြင့် စက်မှုကဏ္ဍနှင့် သက်ဆိုင်ကြောင်း။
စီမံကိန်း၏ လုပ်ငန်းစဉ်များတွင် စားသောက်ကုန်လုပ်ငန်းကဏ္ဍ၏ စွမ်းအင်သုံးစွဲမှုများသည် စက်ရုံ/အလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးနိုင်ရန်၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး နည်းပညာများကို အသုံးချရန်နှင့် စွမ်းဆောင်ရည် ကောင်းမွန်သော စက်နှင့် စက်ပစ္စည်းကိရိယာများ အသုံးပြု ဆောင်ရွက်သွားရန် စသည့် လုပ်ငန်းများ ပါဝင်သဖြင့် လုပ်ငန်းအများစုသည် လိုက်ပါဆောင်ရွက်ထားပြီး ဖြစ်ကြောင်း။
သင်တန်းကို ရန်ကုန်မြို့ရှိ စားသောက်ကုန် လုပ်ငန်းအများစုအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး စွမ်းအင်စီမံခန့်ခွဲမှု စနစ်နှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး နည်းပညာများကို တရုတ်နိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များက အွန်လိုင်းဖြင့် သင်ကြား ပို့ချသွားမည်ဖြစ်ပြီး ပြည်တွင်း ပညာရှင်များကလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီးနှင့် စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တို့က သင်တန်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဝန်ကြီးဌာနများ/အဖွဲ့ အစည်းများ/စားသောက်ကုန် လုပ်ငန်းများမှ သင်တန်းသား ၇၀ တက်ရောက်ကြပြီး စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကာ စွမ်းအင်စီမံခန့်ခွဲမှုစနစ် ISO 50001 ၊ အအေးစနစ်သုံး ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်အတွက် အစိမ်းရောင် စွမ်းအင်ချွေတာမှုဆိုင်ရာ နည်းပညာ၊ ဖိသိပ်လေစနစ်ကို အကျိုးရှိအောင် အသုံးချခြင်း၊ အလင်းပေးခြင်းတွင် စွမ်းအင်ကို ထိရောက်စွာ အသုံးချခြင်း၊ ဘွိုင်လာနှင့် ရေနွေးငွေ့ စနစ်များကို အကျိုးရှိအောင် အသုံးချခြင်း၊ လေအေးပေးစနစ်တွင် စွမ်းအင်ကို ထိရောက်စွာ အသုံးချခြင်း၊ ပြည့်ဖြိုးမြဲ နေရောင်ခြည်စွမ်းအင်စနစ်ဆိုင်ရာ ဆန်းစစ်ခြင်းတွင် အသုံးပြုရန်စနစ်တို့ကို သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


