နိုင်ဦး(DOCA)
တစ်နေ့က ကျွန်တော် နေပြည်တော် မြို့မစျေးသို့ ဆံပင်ညှပ်ရန် သွားရောက်ခဲ့သည်။ ဆံပင်ညှပ်ဆိုင်တွင် လူများသဖြင့် စျေးအတွင်းသို့ လမ်းလျှောက်လာရင်း လိုအပ်သည်များဝယ်ရန် လိုက်ကြည့်နေမိသည်။ စျေးအတွင်း ပလက်ဖောင်းပေါ်ရှိ နာရီပြုပြင် ရောင်းဝယ်သည့်ဆိုင်မှ ဆိုင်ရှင်ဖြစ်သူနှင့် နာရီပြင်လာ သူတို့နှစ်ဦး အချေအတင် စကားပြောဆိုနေသော အသံများက ကျွန်တော်၏ခြေလှမ်းများကို တုံ့နှေးရပ်တန့် သွားအောင်ဖမ်းစားနေသည်။
ဆိုင်ရှင်က “ကျွန်တော့်ဆိုင်ကို လာအားပေးကြတဲ့ စားသုံးသူတိုင်း တစ်ခါဆက်ဆံ ရာသက်ပန်ဆိုသလို စိတ်ချမ်းသာ စေရမယ်”တဲ့။
နာရီပြင်ရန် လာရောက်သည့် လူငယ်လေးကလည်း အားကျမခံ “ဦးလေးနာရီက စားလို့မှမရတာ၊ ဘာလို့စားသုံးသူလို့ ကျွန်တော့်ကို ပြောတာလဲ” တဲ့။
ဆိုင်ရှင်ကလည်း “ စားသုံးသူဆိုတာ စကားလုံး ကျစ်လျစ်အောင် သုံးထားတာကွ။ စားသောက်စရာတွေ ရော သုံးစွဲစရာတွေကိုပါ ဝယ်ယူ၊ ရယူသူကို စားသုံးသူလို့ ခြုံပြီးပြောတာ” ဟုပြောသည့်အခါ လူငယ်လေးက ခေါင်းကိုကုတ်၍ “ဘာမှန်းလဲမသိပါဘူးဗျာ၊ ရှုပ်နေတာပဲ” ဟု ပြန်ပြောသည်။
ဆိုင်ရှင်က “ မရှုပ်ပါဘူးကွ၊ သိသိသာသာ ရှင်းရှင်းလင်းလင်းကြီးပါ။ စားသူရော သုံးသူပါ စားသုံးသူတွေပဲလေ။ တို့တွေ နေ့စဉ် စားရေး၊ ဝတ်ရေး၊ နေရေးအတွက် ရုန်းကန်လှုပ်ရှား ရှာဖွေနေကြတာပဲ မဟုတ်လား။ စားရေး အတွက်ရော၊ ဝတ်ဆင်ရေးအတွက်ရော၊ နေထိုင်ဖို့အတွက်ရော လိုအပ်တာတွေကို သတ်မှတ်ထားတဲ့ ငွေကြေးပေးပြီး ရယူသုံးစွဲသူတိုင်းဟာ စားသုံးသူတွေပဲ မဟုတ်လား” ဟုပြောတော့၊ လူငယ်လေးက “ကျွန်တော် နားလည်သလိုလို ရှိလာပါပြီ၊ အစတုန်းက စားသုံးသူ ဆိုတာ စားသောက်လို့ရတဲ့ အစားအစာတွေ စားသောက် ကုန်ပစ္စည်းတွေကို စားနေသူတွေသာလို့ ထင်ထားတာတဲ့”။
ထိုလူငယ်လေးကို အပြစ်မဆိုရက်ပေ။ ယခင်က ကုန်ထုတ်လုပ်သောသူများ၊ လုပ်ငန်းရှင်ကြီးများ၏ အလိုကျ စားသုံးသူများ နေခဲ့ကြရသည်။ နစ်နာဆုံးရှုံးမှု များကို အံကြိတ်ခံခဲ့ရသည်။ သေကျေပျက်စီးကြရသည်။ အတိဒုက္ခများ ကြုံတွေ့ခဲ့ကြရပေသည်။ နစ်နာဆုံးရှုံးမှု များအတွက် မည်သို့ဆောင်ရွက်ရမည်မှန်း၊ ဘယ်ကို တိုင်ရမည်မှန်း မသိရှိခဲ့ကြပေ။ စားသုံးသူများသည် မိမိတို့ နစ်နာဆုံးရှုံးမှုများ ဖြစ်နေပါလျက်နှင့် နေ့စဉ် စားရေး၊ ဝတ်ရေး၊ နေရေးအတွက် လိုအပ်ချက်ကြောင့် အဆိုပါ လူသုံး၊ အိမ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ရယူသုံးစွဲခဲ့ကြရသည်။ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ ကုစားပိုင်ခွင့် မရရှိခဲ့ကြပေ။ ထို့အပြင် မြန်မာတို့၏ စိတ်ရင်းအတိုင်း မိမိသာ ဒုက္ခအဖြစ်ခံမည်၊ သူတစ်ပါးဒုက္ခဖြစ်မည်ကို မလိုလားကြ သောကြောင့် တိုင်ကြားမှုများ မရှိခဲ့ပေ။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် ကုန်စည်နှင့်ဝန်ဆောင်မှုပြုသူ လုပ်ငန်းရှင်များ ၏အကြိုက် စျေးကွက်တစ်ခု ဖြစ်ခဲ့ပေသည်။
ကျွန်တော်တို့သည် အခွင့်အရေးများနှင့်ပတ်သက်၍ အမျိုးမျိုးတောင်းဆိုနေကြသော်လည်း လူသားတို့ နေ့စဉ် ဖြတ်သန်းနေကြရသည့် စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စများ ဖြစ်သော အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးများ မသုံးစွဲရေး၊ အန္တရာယ်ဖြစ်စေသည့်ဓာတုပစ္စည်းများ မသုံးစွဲရေး၊ ဝတ်ဆင်စရာပစ္စည်းများဖြစ်သည့် အဝတ်အထည်၊ အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေး၊ နေထိုင်သည့်ပစ္စည်းများဖြစ်သည့် ဘိလပ် မြေ၊ သံချောင်း စသည့်ထုတ်ကုန်များကို လုံခြုံစိတ်ချစွာ ထုတ်လုပ်ထားမှု ရှိ/မရှိ သိရှိရေးတို့အတွက်မူ အရေးဆိုသူ နည်းပါးလှသည်။ မိမိတို့တစ်ဦးချင်းရရှိမည့် စားသုံးသူအခွင့်အရေးများကိုရရှိရေး တောင်းဆိုပိုင်ခွင့်၊ တိုင်တန်းနိုင်ခွင့်၊ ကုစားပိုင်ခွင့်၊ ဖြေရှင်းနိုင်ခွင့် စသည့်စားသုံးသူ အခွင့်အရေးများကိုမူ တောင်းဆိုရန် လိုအပ်လျက်ရှိသည်ကို တောင်းဆိုရကောင်းမှန်းမသိ၊ မေ့လျော့နေကြသည်။
ထိုအခါ လုပ်ငန်းရှင်အချို့သည် မိမိဆောင်ရွက်နေသော ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ဓာတုဆေးဝါးများ၊ တာရှည်ခံ ဓာတုပစ္စည်းများ၊ အရောင် ဓာတုဆေးများ၊ ပစ္စည်းတုများသုံးစွဲ၍ စားသောက်ကုန် များ၊ ဆေးဝါးများ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်မှုပစ္စည်းများကို ရောင်းချကြ သည်။ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ အာမခံ၊ ပို့ဆောင်ရေး၊ ဟိုတယ်နှင့် စားသောက်ဆိုင်၊ အလှပြုပြင်ရေး၊ ကျန်းမာရေးစသည်တို့တွင်လည်း တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ မိမိအကျိုးအမြတ်ရရှိရေးအတွက် သာ ဦးတည်ဆောင်ရွက်ကြသဖြင့် စားသုံးသူများ ကိုယ်ရောစိတ်ပါ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရမှု တဖြည်းဖြည်းများပြားလာသဖြင့် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့ကြောင့်ပင် နိုင်ငံတကာတွင် ဖွဲ့စည်းထားသော စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအတိုင်း မြန်မာနိုင်ငံတွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် စားသုံးသူရေးရာဦးစီးဌာနကို ဖွဲ့စည်းကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာရပ်ကွက်များအထိ လွှမ်းခြုံ၍ စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက် ရှိပါသည်။
စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဟူသည် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အားပြိုင်မှုများအား ဟန်ချက်ညီအောင် ထိန်းညှိကုစားပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် စားသုံးသူများအတွက် စားသုံးသူများ ရသင့်သည့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည်ဝန်ဆောင် မှုများ ရယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသလို လုပ်ငန်းရှင်များကိုလည်း ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိသော ကုန်စည်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသော ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လိုက်ပါနိုင်စေရေးအတွက် လုပ်ဆောင်ခြင်းအားဖြင့် ပြည်တွင်းစျေးကွက် သာမက ပြည်ပစျေးကွက်အထိပါ ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင်နိုင်စေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိနေပါသည်။ ထို့ကြောင့်ပင် မိမိနိုင်ငံ၏ လူသားအရင်းအမြစ်များဖြစ်သည့် စားသုံးသူများ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ ဟန်ချက်ညီစွာ သဟဇာတဖြစ်စေရေး အတွက် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် နိုင်ငံတကာတွင် လက်ရှိအောင်မြင်စွာပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိသော စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ဥပဒေများအနက်မှ မိမိနိုင်ငံနှင့်သင့်တော်ကာ လိုက်လျောညီထွေဖြစ်မည့် အချက်များနှင့် ချိန်ထိုး၍ ကြိုးစားဆောင်ရွက်ခဲ့မှုများကြောင့် ယခင်ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည့် စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေ(၂၀၁၄) ထက်ပိုမို၍ စားသုံးသူများကို အကာအကွယ်ပေးနိုင်သည့်၊ စီးပွားရေးလုပ်ငန်းရှင်များ ပြည်တွင်း စျေးကွက်သာမက နိုင်ငံတကာစျေးကွက်အထိပါ ထိုးဖောက်အောင်မြင်မှုရရှိရေးအတွက် ဆောင်ရွက်နိုင်သည့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး၊ မှန်ကန်တိကျရှင်းလင်းသည့် သတင်းအချက်အလက် များကို ဖြန့်ဝေပေးရေး၊ အရည်အသွေးမြင့်မားသည့် ကုန်စည်၊ ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များ ဥပဒေနှင့်အညီ ဆောင်ရွက်စေရေး၊ စားသုံးသူတို့၏နစ်နာဆုံးရှုံးမှုများကို ကာကွယ် ပေးရေး၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေးနှင့် အပြန်အလှန် ပူးပေါင်းကူညီ ဆောင်ရွက်ရေး၊ စားသုံးသူများ ဘေးအန္တရာယ်ဖြစ်ပါက အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။
စားသုံးသူများ ရရှိမည့်အခွင့်အရေး၊ တာဝန်နှင့် တောင်းဆိုပိုင်ခွင့်
စားသုံးသူများရရှိမည့် အခွင့်အရေးများနှင့် ပတ်သက်၍ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲရာ၌ စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိနိုင် ခြင်း၊ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခြင်း၊ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ၊ တိုင်ကြားနိုင်ခြင်း၊ ဆုံးရှုံးနစ်နာမှုများကို ကုစားနိုင်ခြင်း၊ သတင်းအချက်အလက်များကို လေ့လာနိုင်ခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခြင်းတို့ရရှိမည် ဖြစ်ပါသည်။ ထို့ပြင် စားသုံးသူများ လိုက်နာရမည့် တာဝန်များဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုပါ သတင်းအချက်အလက်များအတိုင်း လိုက်နာခြင်း၊ သတ်မှတ်ထားသည့် တန်ဖိုးနှင့် အညီပေးချေခြင်း၊ လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆို၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းနေစဉ် လူမှုမီဒီယာနည်းလမ်း နှင့် အခြားနည်းလမ်းများ အသုံးပြု၍ လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆို၊ ရေးသား၊ ပြုမူခြင်းတို့ကို ရှောင်ကြဉ်၍ လိုက်နာရမည်ဟု ပြဋ္ဌာန်းထားပါသည်။
ထို့အပြင် စားသုံးသူများသည် လုပ်ငန်းရှင်များက အာမခံချက်ပေးထားသကဲ့သို့ ကုန်စည်အရည်အသွေး မကောင်း၊ သတင်းအချက်အလက် မပြည့်စုံပါက အာမခံထားသည့်အတိုင်း ပြန်လည်ပြင်ဆင်လဲလှယ်ခြင်း၊ အရည်အသွေး ကောင်း ကုန်စည်ပြန်ရရန်၊ လျော်ကြေးရရန် တောင်းဆိုပိုင်ခွင့် ရှိပေသည်။ ဝန်ဆောင်မှုများနှင့် ပတ်သက်၍လည်း လျော်ကြေးပေးရန်၊ ကုစားခွင့်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။
စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်များ
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိထုတ်လုပ်၊ တင်သွင်း၊ ဆောင်ရွက်သည့် ကုန်စည်နှင့် ဝန်ဆောင်မှု များနှင့် ပတ်သက်၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များကိုသာ ပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဆက်ဆံခြင်း၊ စီးပွားရေးကျင့်ဝတ်နှင့် အညီ ဆောင်ရွက်ခြင်း၊ အရည်အသွေး စံသတ်မှတ်ချက်များကို အာမခံချက်ပေးခြင်း၊ စားသုံးသူများကို ဝယ်ယူခြင်းမပြုမီ စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ထပ်မံပေးချေရ မည့်တန်ဖိုးကို မဝယ်ယူခင် ကြိုတင်အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုမဖြစ်ရေး တိုက်ရိုက်၊ သွယ်ဝိုက်ရောင်းချခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကတိပြုထားသည့် အာမခံချက်အတိုင်း တာဝန်ယူဆောင်ရွက်ခြင်း၊ အငြင်းပွားမှုဖြေရှင်းနေစဉ် မီဒီယာနည်းလမ်းနှင့် အခြားနည်းလမ်းများ အသုံးပြု၍ စားသုံးသူများအပေါ် ခြိမ်းခြောက်၊ မဟုတ်မမှန်ရေးသား၊ ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုတွင်း ဘေးအန္တရာယ်ရှိကြောင်း သိရှိလျှင် လူထုဆက်သွယ်ရေး နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာဌာနများ အချိန်မီ သိရှိစေရန် အသိပေးခြင်း၊ အငြင်းပွားမှုများဖြစ်ပေါ်ပါက သက်ဆိုင်ရာကော်မတီ၏ ဆုံးဖြတ်ချက်များကို အလေးထား လိုက်နာဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။
စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ထင်ရှားစွာဖော်ပြ အသိပေးရမည့်အပြင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေး၊ အလေးချိန် မှန်ကန်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း၍ သုံးစွဲသူလိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာ ပစ္စည်းအတိုင်း တူညီခြင်း၊ အာမခံပေးထားသည့်အတိုင်း၊ ကြော်ငြာထားသည့်အတိုင်း ဆောင်ရွက်၍ စားသုံးသူများ ကို ကြိုတင်အသိပေးခြင်း၊ ကြော်ငြာသည့်အတိုင်း ဝန်ဆောင်မှုပြည့်ဝစွာပေးခြင်း၊ စားသုံးသူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း၊ အာမခံထားသည့်အချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် တန်ဖိုးအတိုင်းပေးအပ်ခြင်း စသည့်အချက်များကို အာမခံပေးရမည် ဖြစ်ပေသည်။
စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများသည် တိမ်မယောင်နှင့် နက်၊ လွယ်မယောင်နှင့် ခက်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ စားသုံးသူများရော၊ စီးပွားရေးလုပ်ငန်းရှင်များရော၊ သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများရော၊ အသင်းအဖွဲ့များရော ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြမှသာလျှင် အောင်မြင်မှုမြန်ဆန်စွာရရှိမည် ဖြစ်ပါသည်။ လူ့သက်တမ်းအနေဖြင့် မြန်မာနိုင်ငံသားများသည် ၂၀၁၅ ခုနှစ် စာရင်းအရ ကျား ၆၂ နှစ်၊ မ ၆၅ နှစ် အထိသာရှိနိုင်တော့သဖြင့် သက်တမ်းတဖြည်းဖြည်းတိုလာနေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိရသည်။
လူတို့သည် မိမိမျက်စိရှေ့တွင် ချက်ချင်းသေကျေ၊ ဒဏ်ရာရရှိမှုများကို မြင်တွေ့ရပါက ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့ကြသော်လည်း အမြင်လှလှ၊ အသွင်ကြွကြွ ထုပ်ပိုးကာ ကြော်ငြာအားကောင်းကောင်းဖြင့် ထုတ်လုပ် ဆောင်ရွက်ထားပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော၊ ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည်၊ ဝန်ဆောင် မှုများကြောင့် တဖြည်းဖြည်း သေဆုံးမှာ၊ ထိခိုက်ဒဏ်ရာရရှိမှာ၊ ရောဂါမျိုးစုံစွဲကပ်မှာ၊ အလှပျက်၊ ဘဝပျက်ရမှာ ကိုမူ သတိထားမိသူ၊ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့သူ လွန်စွာနည်းပါးလျက်ရှိသည်။ ဝမ်းနည်းစရာကောင်းလှ သည်။ သတိထားဆင်ခြင်ကာ ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။ ထိုသို့မဟုတ်ပါကမူ အချိန်နှောင်းမှရရှိသည့် နောင်တများကို ရင်ဝယ်ပိုက်ကာ ကြေကွဲဝမ်းနည်းမှုများဖြင့် အဆုံးသတ်ကြရ မည့်သူများ ဒုနဲ့ဒေးဖြစ်လာမည်ကို စိုးရိမ်မိပါသည်။
သို့ဖြစ်ပါ၍ ကျန်းမာပျော်ရွှင်စွာဖြင့် လူ့သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် စားသုံးသူများသည် ကုန်စည်၊ ဝန်ဆောင်မှုများကို ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ စနစ်တကျ ရွေးချယ်ရယူစားသုံးဆောင်ရွက်ကြပါရန်၊ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက ကုစားဖြေရှင်းမှုရယူရန် တိုင်ကြားကြပါရန်၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော၊ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသော၊ နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်၊ ဝန်ဆောင်မှုများကိုသာ ထုတ်လုပ်ဆောင်ရွက်ကြပါရန်၊ ထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာ၍ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။


