နေပြည်တော် ၂၆ မတ် 
    

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
    

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ နိုင်ငံများနှင့်အတူ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော စားသုံးသူအကာအကွယ်ပေးရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများနှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်သည့်အပြင် အစိုးရမဟုတ်သော စားသုံးသူအကာ အကွယ်ပေးရေး အသင်းအဖွဲ့များ ထပ်မံပေါ်ပေါက်လာရေးနှင့် ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအသစ်ကို ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ရာ ဥပဒေသစ်အရ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကုန်စည်များအပေါ်တွင် မြန်မာဘာသာ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖော်ပြပေးရန် အချက် ၈ ချက်ကို ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေသစ်အပေါ် ပြည်သူများ ရှင်းလင်းလွယ်ကူစွာ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဖြန့်ဝေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ 

 


မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် နည်းဥပဒေများကို အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများ လွတ်လွတ်လပ်လပ်၊ မျှမျှတတ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ထမ်းများအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေကို သိရှိနားလည်ပြီး မိမိဒေသမှ လုပ်ငန်းရှင်များ အပါအဝင် ပုဂ္ဂလိကကဏ္ဍများကို ထပ်ဆင့်အသိပေး ဖြန့်ဝေသွားရန်လိုကြောင်း၊ စားသုံးသူ တိုင်ကြားမှုလက်ခံဖြေရှင်းသည့် လုပ်ငန်းများနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုလုပ်ငန်းများကို စားသုံးသူများ ယုံကြည်မှုမြင့်မားလာရေးအတွက် ပိုမိုတွန်းအားပေး ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 


ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက စားသုံးသူရေးရာဦးစီးဌာနသည် (၅)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ပြောကြားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 
(သတင်းစဉ်)