မြစ်ကြီးနာ    ၆   ဧပြီ   

 

ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာနှင့် ဝန်ထမ်းများအဖွဲ့သည် ဧပြီ ၄ ရက် ၊ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလန ကျေးရွာရှိ စိန့်ဂျိုးဇက် စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး စစ်ဘေးရှောင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပလနကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများမှာ  ဆွမ်ပရာဘွမ်မြို့နယ် ၊ အင်ဂျန်းယန်မြို့နယ် ၊ ဝိုင်းမော် မြို့နယ် ၊ ချီဗွေမြို့နယ် ၊ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့မှ တိုက်ပွဲဖြစ်ပွားစဉ်က ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများဖြစ်ပြီး နိုင်ငံတော်မှ နေထိုင်ရေးအဆင်ပြေစေရန် ပလနကျေးရွာအဖြစ် သတ်မှတ်ပေး၍ နေထိုင်နေကြခြင်း ဖြစ်ကြောင်းနှင့် အိမ်ထောင်စု ၁၃၉ စု၊ လူဦးရေ ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရပြီး ၊ ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာနှင့် ဝန်ထမ်းများ အဖွဲ့က အဆိုပါ ပလနကျေးရွာ စိန့်ဂျိုးဇက် စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျား ၄၂ ဦး ၊ မ ၅၈ ဦး ၊ စုစုပေါင်း လူဦးရေး ၁၀၀ ဦးအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဘေးရှောင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးရာတွင် လုပ်ငန်းအခက်အခဲ မဖြစ်စေရေးအတွက် မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးကိုကိုစိုး (ဒုတိယညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက စစ်ဘေးရှောင်ကျေးလက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကာ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဌေးအောင်ကျော် တို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် (ညောင်ဦး)