စစ်ကိုင်း ၁၀  ဧပြီ

 

စစ်ကိုင်းမြို့၊ ခုတင်(၂၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ လူနာစောင့်များအတွက် နားနေဆောင်၊ ရေသန့်စက်နှင့်  မီးအားမြှင့်စက်များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက အဆိုပါဆေးရုံဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


    
အခမ်းအနားတွင် စစ်ကိုင်းတောင်ရိုး ဝိပဿနာ မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဉာဏဝရ (အဂ္ဂမဟာပဏ္ဍိတ) စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ရွှေကျင်) အကျိုးတော်ဆောင် အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခုတင် (၂၀ဝ) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြပြီး ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာ တရားများ နာကြားကြကာ လှူဖွယ်ပစ္စည်း အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


    
နားနေဆောင် အဆောက်အဦဧရိယာမှာ ၃၉ ပေ x ၃၀ ပေ သံထည် အမျိုးအစားဖြစ်ပြီး ကုန်ကျငွေ ကျပ်သိန်း (၁၅၀)၊ ရေသန့်စက်နှင့် အဆောက်အဦ ကုန်ကျငွေ ကျပ်သိန်း(၆၅) သိန်း၊ မီးအားမြှင့်စက် ကျပ်(၁၀)သိန်း စုစုပေါင်း ကျပ် (၂၂၅)သိန်း အကုန်အကျခံကာ စစ်ကိုင်းမြို့၊ ဒေါ်လာစက်သုံးဆီ ရောင်းဝယ်ရေးမှ ကိုထွန်းထွန်းနှင့် မချောအိထွေးတို့က သမီးကြီး မပန်းသီရိထွန်းအား ရည်စူး၍ သမီး- မသန္တာဆွေဇင်၊   သား-မောင်ဘုန်းမြတ်ထက်အောင် မိသားစုတို့က လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 


ဇော်မြင့်နိုင်(ပြန်/ဆက်)
 

 

dd