မုံရွာ စက်တင်ဘာ ၇
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဈေးရုံ တည်ဆောက်မည့်မြေနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ယာယီတာဝန်ခံ Ms .Cao Ping ၊ မြန်မာတရုတ် ကုမ္ပဏီများအသင်းဥက္ကဋ္ဌ Mr.Liu Ming နှင့် အဖွဲ့ ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမင်းဝံဈေး မြန်မာ-တရုတ် ချစ်ကြည်ရေးဈေးရုံ သစ်ဆောက်လုပ်မည့်မြေနေရာရှိ သတ်မှတ်နေရာများတွင် ပန္နက်တင်ခြင်းနှင့် တွင်းတော်ဝန်းမင်္ဂလာကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တရုတ်သံရုံးယာယီတာဝန်ခံနှင့် မြန်မာတရုတ် ကုမ္ပဏီများအသင်းဥက္ကဋ္ဌတို့က ဈေးရုံသစ်ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တရုတ်သံရုံး ယာယီတာဝန်ခံနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ် ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် မြန်မာ့ အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက် သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်း ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ သုတ/ရသ စာအုပ်စာစောင်များပေးအပ်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက လူငယ်ဖိုရမ် အထိမ်းအမှတ်တံဆိပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်ထံ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များအတွက် အားကစားပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ သို့ တက်ရောက်ခဲ့သည့် အုပ်ချုပ်သူတစ်ဦးက ဖိုရမ်အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများက စစ်ကိုင်းတိုင်းဒေသကြီးသီချင်းဖြင့် ဂုဏ်ပြုသီဆိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က သီဆိုကပြခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု၊ ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော် စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


