မုံရွာ စက်တင်ဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ငလျင်ဘေးသင့် ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၂၁၂၅၀၊ ဝန်ထမ်းနှင့် မှီခို ၆၀၀၇ ဦး စုစုပေါင်း ၂၇၂၅၇ ဦးတို့အတွက် ထောက်ပံ့ ငွေကျပ် ၁၃၀၈၃၃၆၀၀၀ ကျော်‌ကို စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်ခုနစ်ခုမှ အိမ်ထောင်စု ၇၆၃ စု၊ လူဦးရေ ၃၅၈၉ ဦးတို့ အတွက် ဆန်ရိက္ခာများ ခွဲဝေထောက်ပံ့ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် စစ်ကိုင်းမြို့ရှိ တစ်ရက်လျှင် ဆီပိဿာ ၅၀၀ ကျော် ကြိတ်ခွဲထုတ်လုပ်နေသည့် ရွှေတိုးအောင် ဆီစက်၌ မြေပဲဆီများ ကြိတ်ခွဲထုတ်လုပ်နေမှုကို လည်းကောင်း၊ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေး တက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ စားသောက်နေထိုင်မှုများ အဆင်ပြေစေရန်အတွက် ဖွင့်လှစ်ထားရှိသည့် Every Day လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်ကို လည်းကောင်း၊ အဆိုပါ ဈေးဆိုင်ဝင်းအတွင်းရှိ Every Day သောက်ရေ သန့်စက်ရုံ၊ ကောက်ရိုးမှို စိုက်ပျိုးနေမှုများနှင့် ခေါက်ဆွဲခြောက်များထုတ်လုပ်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)