စစ်ကိုင်းမြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျပ်သိန်း ၁၀ဝဝ အကုန်အကျခံ၍ ဆောင်ရွက်မည်

စစ်ကိုင်း ၂၂ ဇန်နဝါရီ


စစ်ကိုင်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ငွေကျပ်သိန်း ၁၀ဝဝ အကုန်အကျခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောသည်။


စစ်ကိုင်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ငွေကျပ်သိန်း ၁၀ဝဝ ရရှိခြင်းဖြစ်ပြီး အဆိုပါငွေကျပ်သိန်း ၁၀ဝဝ အသုံးပြု၍ စစ်ကိုင်းမြို့နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်း ၃၉ ခုကို လုပ်ငန်းကော်မတီဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


"ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ ကျေးလက်လမ်း၊ တံတား ၃၂ ခု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ငွေကျပ် ၇၄၅ သိန်း၊ အခြားလုပ်ငန်း ခုနစ်ခုအတွက် ငွေကျပ် ၂၂၅ သိန်းနဲ့ အထွေထွေအသုံးစရိတ် ငွေကျပ် သိန်း ၃၀ စုစုပေါင်း ငွေကျပ်သိန်း ၁၀ဝဝ အသုံးပြုသွားမှာ ဖြစ်ပါတယ်" ၎င်းကပြောသည်။


လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မှုကို ယခုလအတွင်းမှ စက်တင်ဘာလကုန်ထိ ပြည်သူလူထုနှင့် ပူးပေါင်း၍ အပြီးလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီကလည်း ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ဒုတိယ ဘတ်ဂျက်ကာလအတွင်း မြို့သာယာလှပရေး လုပ်ငန်းများအတွက် ငွေကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။


သူရိန်လင်း