စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ညအပူချိန်များ လျော့နည်းနေမည်

နေပြည်တော် ၁၇ ဇန်နဝါရီ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ညအပူချိန်များ လျော့နည်းနေမည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


MDN