မုံရွာ အောက်တိုဘာ ၁

 

(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဇနီးများ၊ ထူးချွန်ဆုရ ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် အငြိမ်းစားများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် (၆၁)နှစ်တာ ကာလတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် အောင်မြင်စွာ ကျော်လွှား ဖြတ်သန်းရင်းရရှိခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာအဖြစ်ရယူပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် ( ၄ ) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်အဆင့်တိုင်းသည် မိမိရရှိထားသည့် ရာထူး၊ လုပ်ပိုင်ခွင့်များကို တလွဲအသုံချခြင်းနှင့် အဂတိပြုလုပ်ခြင်းများကို ရှောင်ကြဉ်ပြီး တပ်ဖွဲ့ဝင်ကောင်း များဖြစ်အောင် ကျင့်ကြံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်ဆင့်မြှင့် ရာထူးရရှိသူ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို ဆုများပေးအပ် ချီးမြှင့်ပြီး ခန်းမအတွင်း ပြသထားသည့် တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်ရဲတပ်ဖွဲ့ဝင်များ၏ ပြည်သူ့ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုများနှင့် မှုခင်းဖော်ထုတ် ဖမ်းဆီးရရှိမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)