ရွှေဘို ၂၁ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧပြီ ၂၁ ရက် နံနက် ၈ နာရီခွဲက ရွှေဘိုမြို့ရှိ ပါဠိကာရီတုလွတ် ကျောင်းတိုက်နှင့် အောင်မြေကျောင်းတိုက် ဆရာတော်များအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး နံနက်  (၉) နာရီတွင် ရွှေဘိုမြို့ အမှတ်(၆)၊ အမှတ်(၇)နှင့် အမှတ်(၈)ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ရွှေဘိုမြို့အမှတ်(၆)ရပ်ကွက်ရှိ  ရွှေတန်ဆာဘုရားဓမ္မာရုံတွင် လည်းကောင်း နေ့လယ် (၁) နာရီတွင် အမှတ်(၁၀)ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် လည်းကောင်း ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  “တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ ဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင် ပေးစေလိုကြောင်း၊  မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူတို့၏ အသံကို နားထောင်ပြီး ပြည်သူတို့၏ အခက်အခဲနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြေရှင်းဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရ၏ ချမှတ်ထားသော မူဝါဒနှင့်အညီ တိုင်းဒေသကြီးတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်စေရေး အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာမှာ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု များစွာလိုအပ်မှာ ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများအနေဖြင့် လိုအပ်ချက်များစွာရှိနေမည်မှာ မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ သို့ရာတွင် ဘတ်ဂျက်ခွဲဝေရရှိမှုအပေါ် မူတည်ပြီး မြို့နယ်အလိုက် ဦးစားပေးလုပ်ငန်းများကို ခွဲဝေဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် မိမိဒေသ၏ အများအကျိုးအတွက် အမှန်တကယ်လိုအပ်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ”စသည်ဖြင့် ရှင်းလင်းအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ပြီး အသီးသီးအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ဒေသခံပြည်သူများမှ “ ရွှေဘိုမြို့ ရေစီးရေလာကောင်းမွန်ရေး၊  ရေမြောင်းများ ပြန်လည်တူးဖော်ပေးရေး၊ မြို့တွင်းလမ်းများ ကောင်းမွန်စေရေး၊ သောက်သုံးရေရရှိရေး၊ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး၊ မြို့သန်ရှင်းသာယာလှပရေး၊ ပညာရေး၊ ကျန်းမာရေး၊  လမ်းပန်းဆက်သွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြတောင်းခံကြရာ”  တိုင်းဒေသကြီး/ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ တင်ပြချက်များကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး  ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

Slide5