မုံရွာ ၁၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမ၌ ကျင်းပသော Monywa International Trade Fair 2019 ဖွင့်ပွဲ အခမ်းအနားကို မတ် ၁၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကုန်စည်ပြပွဲ ကျင်းပရခြင်း အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲကို မတ် ၁၈ ရက်နေ့မှ ၂၁ ရက်အထိ (၄)ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်သည် အလောင်းတော်ကဿပဘုရားဖူးယာဉ် တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် မုံရွာမြို့ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကုသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်း အများပြည်သူ အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ညပိုင်းတွင် ရွှေဘိုမြို့သို့ ပင့်ဆောင်လာသည့် အတိမဟန္တဒုန္ဒုဘ စည်တော်ကြီးပင့်ဆောင်ခြင်းကို ဒေသခံများနှင့်အတူ ကြိုဆိုကြပြီး ချမ်းသာကြီးဘုရားဝန်းအတွင်းရှိ အရှေ့ဘက်စောင်းတန်းတွင် အတိမဟန္တဒုန္ဒုဘ စည်တော်ကြီး ပင့်ဆောင်ခြင်း အထိမ်းအမှတ် အထူးဓမ္မသဘင်ပွဲသို့ တက်ရောက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး “နိဗ္ဗာန်ရောက်ကြောင်းတရားတော်” နာယူကြည်ညိုခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


