မုံရွာ  ၁  မတ် 

 

(၂ဝ၁၈)ခုနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ထွန်ယက်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှမြို့နယ်များ တောင်သူလယ်သမားများသည် စက်မှုလယ်ယာ စခန်းများမှ လယ်ထွန်စက်နှင့် လက်တွန်းထွန်စက် အစီးရေ(၂၄၂)စီးအားဝယ်ယူအသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစက်မှုလယ်ယာ ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

'' တောင်သူတွေ လယ်ယာသုံး စက်ကိရိယာတွေကို ဝယ်ယူနိုင်ဖို့အတွက် ဌာနက ပြင်ပကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးပြီး အရစ်ကျငွေချေစနစ်တွေနဲ့ ဝယ်ယူအသုံးပြုနိုင်အောင် စီစဉ်ခဲ့တဲ့အတွက် တောင်သူတွေကိုယ်ပိုင်ဝယ်ယူအသုံးပြုလာတာပါ၊ လုပ်သားရှားပါးမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးချိန်တွေက တိုတောင်းတဲ့အခါမှာ လယ်ယာသုံးစက်ကိရိယာတွေနဲ့ လိုအပ်ချက်အရ အသုံးပြုလာတဲ့အတွက် တောင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း ပိုပြီးများလာပါတယ် '' ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

၂ဝ၁၈ ခုနှစ်အကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အများဆုံးအသုံးပြုလျက်ရှိသော လက်တွန်းထွန်စက်များကို စစ်ကိုင်းမြို့နယ်တွင်(၁၄)စီး၊ မြင်းမူမြို့နယ်တွင် (၈)စီး၊ မြောင်မြို့နယ်တွင်(၈)စီး၊ ရွှေဘိုမြို့နယ်တွင် (၁၆)စီး၊ ဝက်လက်မြို့နယ်တွင် (၁၇)စီး၊ ရေဦးမြို့နယ်တွင် (၆)စီး၊ ကန်ဘလူမြို့နယ်တွင် (၁၂)စီး၊ မုံရွာမြို့နယ်တွင် (၁ဝ)စီး၊ ဘုတလင်မြို့နယ်တွင် (၂၄)စီး၊ ယင်းမာပင် မြို့နယ်တွင် (၁၇)စီး၊ ဆားလင်းကြီးမြို့နယ်တွင် (၈)စီး၊ ကသာမြို့နယ်တွင် (၂၅)စီး၊ ကောလင်းမြို့နယ်တွင် (၂၅)စီး၊ ကလေးမြို့နယ်တွင် (၂၅)စီး၊ တမူးမြို့နယ်တွင် (၁၆)စီးအားလည်းကောင်း၊ ထွန်စက်ကြီးများအား ချောင်းဦးမြို့နယ်တွင် (၅)စီး၊ မုံရွာမြို့နယ်တွင် (၁)စီးနှင့် ကလေးမြို့နယ်တွင် (၅)စီးအား ဝယ်ယူအသုံးပြုခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)