မုံရွာ ဩဂုတ် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး အာရုံခံတန်ဆောင်းများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံဆောင်ရွက်နေမှု၊ ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနေမှုနှင့် မေတ္တာရေကန်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အာရုံခံတန်ဆောင်းများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှု၊ ပုညရှင်သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုနှင့် တပ်မတော်သားများက ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံ များ ရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် စစ်ကိုင်းမြို့ပေါ်ရှိ မဟာစေတီလှ စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထား နေမှုနှင့် မရှိခဏ စေတီတော်မြတ်ကြီးများ ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နေမှု၊ စေတီတော်မြတ်ကြီးရှိ ရေဂါလန် ၆၀၀၀၀ ဆံ့ အာရ်စီ ရေကန် ပြန်လည်တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်း တစ်လျှောက် သန့်ရှင်းသပ်ရပ်စေရေး ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှ ကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ နန်းဦးမြို့သစ် ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာအဆောက်အအုံများ ပြင်ဆင်နေမှုနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ ခရိုင်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ပြီးစီး မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)