မုံရွာ ဇန်နဝါရီ ၃
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပြူကန်ရပ်ကွက်ရှိ စက္ကဝဠာမင်း ရန်သိန်းစေတီတော်နှင့် အောင်သိဒ္ဓိစေတီတော် ရတနာစိန်ဖူးတော်နှင့် ငှတ်မြတ်နားတော် တင်လှူပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်တို့၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းမြို့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ပြည်တော်အေးကျောင်း ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ပြည်တော်အေးကျောင်း ဆရာတော်ကြီးထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်ကြီးသို့ တင်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်ရှိ စန်းဘုန်းပွင့်အောင် စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ၊ ဘုရားကြီး ဆုတောင်းပြည့် စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ၊ မကျီးစင်ရပ်ကွက်ရှိ ရွှေဘုံသာစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲများသို့ တက်ရောက်ကြသည်။
ယင်းနောက် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့တွင်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်ပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် နိုင်လွန်ကတ္တရာ လမ်းများ ခင်းကျင်းဆောင်ရွက်ခဲ့မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် နိုင်လွန် ကတ္တရာလမ်းများ ခင်းကျင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုပြီး ငလျင် လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အရှည်ပေ ၅၄၀၀၊ အကျယ် ငါးပေ၊ အနက် သုံးပေခွဲ တောင်ရိုး လမ်းတစ်လျှောက် လမ်းဘေးရေမြောင်းများ ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တောင်ရိုးလမ်း တစ်လျှောက် လမ်းဘေးရေမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


