မုံရွာ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဝထကလသ”သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူတိုင်းစာရေး၊ စာဖတ်နိုင်စေရန် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာတတ်မြောက်ခြင်းသည် လူတစ်ဦး၏ အသိပညာနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်စေပြီး လူမှုရေး၊ စီးပွားရေးနှင့် ပေါင်းသင်းဆက်ဆံရေး အမြင်များလည်း ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့ အမှတ်(၁)အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက “စေတနာပန်းတို့ လန်းရာမြေ”တေးသီချင်း သီဆို၍ဖျော်ဖြေကြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သီဆိုကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများနှင့် ဆုရစာစီစာကုံးများ၊ ပန်းချီများပြသထားမှုနှင့် စစ်ကိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရန်နိုင်မှ ပြသထားသည့် လက်မှုပညာပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


