စစ်ကိုင်းတက္ကသိုလ်တွင် လူငယ်စကားဝိုင်း ကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၆

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းတက္ကသိုလ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

လူငယ်စကားဝိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းမြတ်စိုးက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ/ အတတ်ပညာများ ပိုမိုရရှိစေရန် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး(ကိုယ်စား) ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက ကျောင်းသား/ကျောင်းသူများ အသိပညာများ ပိုမိုရရှိစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ အချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိကာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာများ ဖလှယ်၍ မျှဝေခံစားရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ မခင်ချမ်းသာက “လူငယ်နှင့်ကျန်းမာရေး”၊ မောင်ရာပြည့်သူက “လူငယ်နှင့်အားကစား”၊ မထက်ရွှေရည်မြင့်အောင်က “လူငယ်နှင့်စာပေ”၊ မအေးချမ်းသာက “လူငယ်နှင့် မီဒီယာ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် ပါမောက္ခချုပ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို ပါမောက္ခချုပ်ထံ ပေးအပ်ခဲ့သည်။

 

အဆိုပါစကားဝိုင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်