စစ်တွေ စက်တင်ဘာ ၈
မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြမဲပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဒေါက်တာကျော်ကိုလတ်က မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားမှုနှင့် စစ်တွေမြို့ပေါ်ရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများက မြန်မာအီလက် ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့အတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင်လည်း မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းကို သက်ဆိုင်ရာ မြို့နယ်ခန်းမများ၌ ဆောင်ရွက်ကြပြီး တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာအီလက် ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်း ဆောင်ရွက်ကြသည်။
ထို့နောက် စစ်တွေမြို့ ခေါင်းလောင်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒ၏ သက်တော် (၉၀) ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ - ဝင်းမင်းစိုး


