စစ်တွေ ၇ မေ
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၆/၂၀၁၉ ဖြင့် ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၁ ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် လွတ်မြောက်လာကြောင်း သိရသည်။
မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူများကို နိုင်ငံတော်သမ္မတမှ ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလျက်ရှိသည်။
ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၅၃ ဦး၊ အကျဉ်းသူ ၈ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး၊ အကျဉ်းသူ ၄ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ အကျဉ်းသား ၂၃ ဦး စုစုပေါင်း ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး လွတ်မြောက်ကြောင်း သိရသည်။
အဆိုပါလွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများမှ ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


